|  | 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မြန်မာ့စီးပွားရေးဘဏ်နှင့် ပူးပေါင်း၍ 
ရှစ်သောင်းတန် CDMA ဖုန်းများ ချထားပေးရန် စီစဉ်နေသည်ဆိုသော သတင်းအပေါ် 
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ဖုန်းဈေးနှုန်း အပြောင်းအလဲရှိပါက 
တရားဝင် ကြေညာမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း 
မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောကြားသည်။ CDMA ဖုန်းများကို 
ရှစ်သောင်းကျပ်ဖြင့် ချထားပေးမည်ဆိုသော သတင်းထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍ 
မေးမြန်းရာ ၎င်းက “အဲဒီသတင်းက မှားပါတယ်။ ကောလဟလပါ။ တဖြည်းဖြည်းခြင်း 
လျှော့ချလာမှာပေါ့။ တကယ်လို့ တရားဝင်ဆိုရင်လည်း မီဒီယာတစ်ခုတည်းကို 
အသိပေးမှာမဟုတ်ဘူး။ကျန်တဲ့မီဒီယာတွေကိုလည်း ပြည်သူတွေအတွက်အသိပေး ကြေညာမယ်။
 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တရားဝင်ကြေညာမယ်။ တကယ်လို့ ဈေးနှုန်း 
အပြောင်းအလဲကို ဘယ်တော့မှ စာနယ်ဇင်းတစ်ခုတည်းကို အသိမပေးဘူး။ ပြည်သူတွေကို 
ရုပ်မြင်သံကြား၊ သတင်းစာ၊ စာစောင်တွေကနေ အသိပေး ထုတ်ပြန်လေ့ရှိပါတယ်” ဟု ၎င်းက
 ပြောကြားခဲ့သည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ၂၀၁၅ ခုနှစ်မတိုင်မီတွင် 
မိုဘိုင်းဖုန်း သန်း ၃၀ ချထားပေးမည်ဟု သတင်းထုတ်ပြန်ထားပြီး လာမည့် 
နှစ်ဆန်းပိုင်းမှစ၍ နိုင်ငံတကာ ဈေးနှုန်းများအတိုင်း တန်ဖိုးနည်းဖုန်း (၁၀)
 သန်းကို ရောင်းချပေးမည် ဖြစ်ကြောင်းလည်း ပြောကြားထားခဲ့သည်။ 
မြန်မာနိုင်ငံတွင် ၁၉၉၅-၉၆ ခုနှစ်ခန့်က   ဆယ်လူလာဖုန်းများကို 
စတင်သုံးစွဲခဲ့ပြီး GSM တယ်လီဖုန်းများ၊ CDMA ဖုန်းများကို တစ်ဆင့်ချင်း 
ငှားရမ်းပေးခဲ့ပြီးနောက် ၁၅ သိန်း၊ တန်ဖိုးရှိ CDMA ဖုန်းများကို 
ငွေကျပ်ငါးသိန်း အဖြစ်သို့လည်းကောင်း၊ ၂၀၁၁ ခုနှစ် ဧပြီလတွင် 
ငွေကျပ်ငါးသိန်းမှ နှစ်သိန်းခွဲအဖြစ်သို့ လည်းကောင်း၊ ပြောင်းလဲခဲ့ကြောင်း 
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် 
ဖော်ပြထားပါသည်။ 
