Pages

Wednesday, August 22, 2012

ဆင်ဘိုတွင် ကြွက်ကျ၊ ပြောင်းခင်းများ ဖျက်ဆီးခံရ


၂၀၁၀ ခုနှစ် က ပဲခူးတိုင်းရှိ စိုက်ခင်းများ ကို ကြွက်များ ဖျက်စီးခဲ့ပုံ
 ကချင်ပြည်နယ်၊ ဆင်ဘိုမြို့နယ်အတွင်း ဧရာဝတီမြစ်ထဲမှ တဆင့် ကြွက်အုပ်များ ညအချိန်တွင် အများအပြား ဝင်ရောက်လာကာ ပြောင်းခင်းများအား ဖျက်ဆီးနေကြောင်း ဒေသခံများအပြောအရ သိရသည်။

ဆင်ဘိုမြို့နယ်ခွဲနှင့် မြင်သာ၊ ရေနားပင်လုံ ရွာများတွင် ကြွက်အုပ်များ သောင်းနှင့်ချီ၍ ဝင်ရောက်နေပြီး မှောင်ရီပျိုးချိန်မှ မနက်အလင်းရောင် မလာမီ အချိန်အတွင်း မြစ်အား ဖြတ်ကူးဝင်ရောက် နေကြောင်း ဆင်ဘိုမြို့နေ ကိုကြည်စိုး က ပြောသည်။

“ဧရာဝတီမြစ် အထက်ပိုင်းကနေပဲလား၊ အရှေ့ဘက်ကမ်းကနေဘဲ ကူးလာလား မသိဘူးဗျ။ ဆင်ဘိုကို လွန်ခဲ့တဲ့ ငါးရက်ကတည်းက ကြွက်တွေ အုပ်လိုက်အုပ်လိုက် ကူးလာတာပါ။ အကောင်ရေ ခန့်မှန်းဘဲ ပြောလို့ရမယ်ဗျ။ ဧရိယာက တအားကျယ်လို့ဗျ။ မြစ်ကြောင်းအရှည် ၅ မိုင်လောက်အတွင်းမှာ ဖြန့်ပြီးကူးနေတော့ တညတည အတွင်းမှာ
ထောင်ဂဏန်းပိုင်းလောက် ရှိမယ်လို့ ခန့်မှန်းရတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဒေသတွင်းတွင် ကြွက်နှင့် ပါတ်သက်သည့် ရောဂါဘယ ဖြစ်ပွားမှုများ မရှိသေးသော်လည်း စိုက်ပျိုးထားသည့် သီးနှံများ ဖျက်ဆီးခံရကြောင်း “သူတို့ဖျက်ဆီးလိုက်လို့ နောင်မှာ ကျနော်တို့ စားစရာ မရှိမှာမျိုး တွေးပြီး ပူပန်ကြတယ်ဗျ။ အခုတွေးပူတဲ့ အတိုင်း ဒီနေ့ညနေပဲ ပြောင်း ဧက ၅၀ လောက် စပြီး ဖျက်ဆီးခံနေရပြီ။ ဆင်ဘိုမြို့နယ်ခွဲ ထဲမှာပဲ
ဖြစ်နေတာ။ အဲဒီမြစ်ကမ်းဘေးတွေမှာတော့ ပြောင်းကိုပဲ စိုက်တယ်” ဟု ဆိုသည်။

ဆင်ဘိုဒေသခံ သက်ကြီးရွယ်အိုများ အဆိုအရ ၎င်းတို့ တသက်အတွင်း ဆင်ဘိုတွင် တခါမျှ ထိုသို့ ကြွက်မကျဖူး
ကြောင်း သိရသည်။

“အခုကျနော်တို့မြင်နေရတဲ့ အနေအထားအရ ဝါးတောက သုဉ်းတဲ့အနေအထား မဟုတ်ပါဘူးဗျ။ အရွက်တွေက စိမ်းစိမ်းစိုစိုပါပဲ။ လောလောဆယ် ကာကွယ်မှုကတော့ တတ်နိုင်သလောက် အကောင်တွေ ရိုက်သတ်နေကြတာပဲဗျာ။ တခြားကာကွယ်တဲ့ နည်းတော့ ကျနော်တို့လည်း ဘာမှမသိဘူးဗျ” ဟု ကိုကြည်စိုး က ပြောသည်။

၂ဝ၁ဝ ခုနှစ် သြဂုတ်လကတွင်းက ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအို၊ လော့ခေါင်နှင့် ဆွမ်ပရာဘွမ် ခရိုင်များတွင် ကြွက်နှင့် သီးနှံဖျက်ပိုးများ ကျရောက်ကာ ကျေးရွာ ၅၀ ခန့် သီးနှံများ ပျက်စီးဆုံးရှုံးခဲ့ဖူးသလို ချင်းပြည်နယ် မြို့နယ်
လေးခုတွင်လည်း ကျေးရွာ ၁၂ဝ ခန့် ကြွက်ကျ၍ အစာရေစာ ရှားပါးခဲ့ဖူးသည်။

နေမျိုး | နယူးဒေလီ (မဇ္ဈိမ)


၂၀၁၀ ခုနှစ် က ပဲခူးတိုင်းရှိ စိုက်ခင်းများ ကို ကြွက်များ ဖျက်စီးခဲ့ပုံ