Pages

Thursday, August 9, 2012

တူရကီ နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့ ရခိုင်ပြည်နယ် သွားမည်



တူရကီ နိုင်ငံခြားရေး ဝန်ကြီး အာမတ် ဒါဗူတိုဂလူ Ahmet Davutoglu နှင့် သမ္မတ ဦးသိန်းစိန်တို့ သမ္မတအိမ်တော်နဲ့ တွေ့ဆုံစဉ် (ဓါတ်ပုံ : ministryofinformation.gov.mm)
နေပြည်တော်။ သြဂုတ် ၉
အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ ကိုယ်စားလှယ်အဖြစ် တူရကီ နိုင်ငံခြားရေး ဝန်ကြီး အာမတ် ဒါဗူတိုဂလူ Ahmet Davutoglu ဦးဆောင်သည့် အဖွဲ့သည် ကြာသပတေးနေ့တွင် နေပြည်တော်သို့ရောက်ရှိလာပြီး သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီးနောက် သောကြာနေ့တွင် ရခိုင်ပြည်နယ် အခြေအနေအား သွားရောက် လေ့လာကြမည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

 ၎င်းတို့နှင့် နိုင်ငံတကာမှ ကြားသိရသော ရခိုင်ပြည်နယ်တွင်း အရေးအခင်းများနှင့် ပတ်သက်သည့် သတင်းအချက် အလက်များမှာ အငြင်းပွားဖွယ်ရာများ ဖြစ်နေသည်ဟု တူရကီဝန်ကြီးက သတင်းထောက်များအား ဗုဒ္ဓဟူးနေ့က ပြောဆို ခဲ့သည်။ ယခု ခရီးစဉ်မှ လေ့လာတွေ့ရှိရသော အခြေအနေများကို OIC သို့ ပြန်လည် တင်ပြသွားမည် ဖြစ်သည်။

 သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်မှု ကိစ္စများ၊ ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ တွင် ကျဆုံးခဲ့သော တူရကီ စစ်သည်တော်များ၊ သချိုင်းများ ကိစ္စ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတို့အပြင် ရခိုင်ပြည်နယ်အတွင်း  အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင် ပါရှိသည်။

 တူရကီနိုင်ငံ လခြမ်းနီ (ကြက်ခြေနီ) အဖွဲ့သည် ရခိုင်ပြည်နယ်အတွက် ကယ်ဆယ်ရေး ပစ္စည်းများအနေဖြင့် မီးဖိုချောင်သုံး ပစ္စည်းများဖြစ်သည့် ဇွန်း၊ ခရင်း၊ ယောက်ချိုဇွန်း၊ ဇလုံနှင့် ဒယ်အိုးများပါဝင်သည့် အထုပ်ပေါင်း ၇၂ဝ၊ ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် သကြားတို့ ပါဝင်သည့် အထုပ်ပေါင်း ၅၇၆ ထုပ် ယူဆောင်လာကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်

ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင် က ပြောသည်။

 ယင်းအဖွဲ့မှ အကူညီပေးသည့် ပစ္စည်များသည် စုစုပေါင်းတန်ချိန် ၁၆.၅ တန်ရှိပြီး တူရကီနိုင်ငံအနေဖြင့် ဒုက္ခသည်များ အတွက် ပထမဆုံးအကြိမ် ပံ့ပိုးခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါ ကူညီထောက်ပံရေး ပစ္စည်းများကို ပြည်နယ် အစိုးရအဖွဲ့ထံသို့ ယနေ့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။

တူရကီနိုင်ငံ သဘာဝ ဘေးအန္တရာယ်နှင့် အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှု ဦးစီးဌာန (AFAD)ကလည်း မြန်မာနိုင်ငံရှိ မူဆလင်ဒုက္ခသည်များအတွက် ကူညီထောက်ပံ့နိုင်ရန် ရန်ပုံငွေကောက်ခံခဲ့ရာ တူရကီ လီရာငွေ ၂.၁ သန်း (အမေရိကန်ဒေါ်လာ ၁.၃ သန်းကျော်) ရရှိထားသည်ဟု ယနေ့ထုတ်ပြန် ကြေညာထားသည်။

နိုင်ငံခြားရေးဝန်ကြီး၏ ယခုခရီးစဉ်မှာ တူရကီနိုင်ငံ၏ ပထမဆုံးသော အဆင့်မြင့် ကိုယ်စားလှယ်တဦး လာရောက်ခြင်းဖြစ်ပြီး ယခုအခြေအနေတွင် မြန်မာအစိုးရကလက်ခံခြင်းမှာ နိုင်ငံတကာနယ်ပယ်တွင် တူရကီ၏ သြဇာကို ပြသရာရောက်သည်ဟု ဝန်ကြီး အာမတ် ဒါဗူတိုဂလူ က ထုတ်ဖော်ပြောဆိုသည်။