Pages

Wednesday, August 8, 2012

ပုဒ်မ ၅ (င)နှင့် ပုဒ်မ ၅ (ည)တို့အား ပယ်ဖျက်ပေးရန် တင်သွင်းသည့် ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းရန် မသင့်ကြောင်း ဥပဒေကြမ်းကော်မတီမှ အစီရင်ခံခဲ့သော်လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည်

by Eleven Media Group

လွှတ်တော်အဆောက်အဦ ခန်းမဆောင်အတွင်း၌ပါ X-Ray စက်များထားရှိကာ လုံခြုံရေးကိစ္စများ ဆောင်ရွက်လျက်ရှိနေစဉ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းသည့် ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ် စီမံမှုအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းရန် မသင့်ကြောင်း ဥပဒေကြမ်းကော်မတီမှ အစီရင်ခံ ခဲ့သော်လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် လွှတ်တော် တွင် ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သြဂုတ်လ ၆ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
အဆိုပါဥပဒေကြမ်းတွင် ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ်စီမံမှု အက်ဥပဒေ (အက်ဥပဒေအမှတ် ၁၇/၅၀) တွင် ပါဝင်သည့် ပုဒ်မ၅(င)နှင့်ပုဒ်မ ၅(ည) တို့အား ပယ်ဖျက်ပေးရန် အဓိကထား ရေးဆွဲထားခြင်းဖြစ်သည်။
၎င်းဥပဒေကြမ်းကို တင်သွင်းသူ ဦးသိန်းညွန့်က ''အရေးပေါ်စီမံမှု အက်ဥပဒေမှာ အရေးပေါ်အခြေအနေတွင် အရေးယူရန်နှင့် အရေးပေါ်ကိစ္စရပ်များကို ကာကွယ်ရန် ရည်ရွယ်ထားသော်လည်း ဒီမိုကရေစီနိုင်ငံတိုင်း၌ အစိုးရ၏ လုပ်ဆောင်ချက်များကို မှန်ကန်စွာတင်ပြခြင်းနှင့် အ ကျိုးပြုသော ဝေဖန်ချက်များအတွက်  ပုဒ်မ၅(င)ကို လိုသလိုဖွင့်ဆိုပြီး အရေးယူနိုင်သောကြောင့် သတင်းစာဆရာနှင့် မီဒီယာလုပ်ငန်းများကို အစိုးရအဖွဲ့မှ တရားစွဲဆိုခွင့် မရှိစေရန်အတွက် ဤပုဒ်မကို ရုပ်သိမ်းရန် လိုအပ်ပါသည်။ ပုဒ်မ၅(ည)တွင် ဖော်ပြထားသော ပြဋ္ဌာန်းချက်သည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ  ၅၀၅ ပြဋ္ဌာန်းချက်များနှင့် ကွဲလွဲမှုမရှိသည့်အတွက် လည်းကောင်း၊ ပုဒ်မ၅(ည)သည် အများပြည်သူများအကြားတွင် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုမှုများကို အလွယ်တကူ အရေးယူနေသည့် ဥပဒေပြဋ္ဌာန်းချက် ဖြစ်နေသောကြောင့်လည်းကောင်း ဒီမိုကရေစီ ဖော်ဆောင်မှုကာလတွင် ဆက်လက်ကျင့်သုံးရန် မသင့်တော်တော့ပါ။သို့ဖြစ်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးများနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်(၇)နှင့် အပိုဒ်(၁၉)တို့အရ သတင်းမီဒီယာသမားများနှင့် နိုင်ငံ ရေးလုပ်ဆောင်နေသော အင်အားစုများအတွက် အကာအကွယ်ရရန် လိုအပ်သောကြောင့် ဤပြင်ဆင်ချက် ဥပဒေအား တင်သွင်းရခြင်းဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးများနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်(၇)နှင့် အပိုဒ်(၁၉)တို့အရ သတင်းမီဒီယာသမားများနှင့် နိုင်ငံရေးလုပ်ဆောင်နေသော အင်အားစုများအတွက် အကာအကွယ်ရရန် လိုအပ်သောကြောင့် ဤပြင်ဆင်ချက် ဥပဒေအား တင်သွင်းရခြင်းဖြစ်  .  .  .

ဦးသိန်းညွန့် တင်သွင်းသည့် ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ်စီမံမှု အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီမှ အစီရင်ခံတင်ပြရာတွင်''. . .ယနေ့အချိန်အခါတွင် စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာများမှ ပုံနှိပ်ဖော်ပြခြင်းများကို အပတ်စဉ်ထုတ် ဂျာနယ်များတွင် တွေ့မြင်နေရပါတယ်။ လက်ရှိတည်ဆဲဥပဒေများအရ ဥပဒေနှင့်ငြိစွန်းသော ကိစ္စရပ်များသာလျှင် တရားစွဲဆိုမှုများကို တွေ့ရှိရပါတယ်။ ယင်းသို့ တရားစွဲဆိုရာတွင်လည်း လွတ်လပ်စွာ တရားစီရင်ခွင့် မူဘောင်အတွင်းမှ အများပြည်သူ့တို့၏ ရှေ့ မှောက်တွင် တရားစီရင်ခြင်းမျိုးဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။ . . . အထက်ဖော်ပြပါ လေ့လာတွေ့ရှိချက်များအရ ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှုအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ပါဝင်သည့် ပုဒ်မ ၅ ပုဒ်မခွဲ(င)နှင့် ပုဒ်မ ၅ ပုဒ်မခွဲ(ည)တို့အား ပယ်ဖျက်ရန်မသင့်ပါ။ . . .သို့ ဖြစ်ပါ၍ ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှုအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအား အတည်ပြုပြဋ္ဌာန်းရန် မသင့်ကြောင်း ဥပဒေကြမ်းကော်မတီ၏ စိစစ်တွေ့ရှိချက်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လွှတ်တော်သို့ အစီရင်ခံ တင်ပြအပ်ပါတယ်''ဟု ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက''ဦးသိန်းညွန့် တင်သွင်းသွားတဲ့ ဥပဒေကြမ်းအပေါ် ဥပဒေကြမ်းကော်မတီရဲ့ သုံးသပ်အစီရင်ခံချက်ပဲဖြစ်ပါတယ်။ သို့ရာတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဒီတင်ပြချက်ကို ပါဝင်ဆွေးနွေးဖို့ အခွင့်အရေးရှိပါတယ်။ အခွင့်အ ရေးပေးပါတယ်။ ဥပဒေကြမ်းကို ပြင်ဆင်ချက် အဆိုတင်သွင်းလိုသူများသည် ၉-၈-၂၀၁၂ ခုနှစ် နောက်ဆုံးထား အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါတယ်''ဟု ပြောကြားခဲ့သည်။