Pages

Saturday, August 11, 2012

"ကမ္ဘာ ပျက်တော့ မလိုလိုမျိုး" ကော့သောင်း ကျောက်မီးသွေး စက်ရုံ စတင်လည်ပတ်ပြီး ပြန်ရပ် . .



၇ ရက်နေ့က ကျွန်တော်တို့ဟာ ပန်းပျိုးသူ သတ္တုတူးဖော်ရေး ကုမ္ပဏီ လိမီတက်မှ တည်ဆောက်ထားတဲ့ ကျောက်မီးသွေးစက်ရုံ လျှပ်စစ်ဓါတ်အားပေးကိစ္စကို စုရုံးစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ လုပ်ထုံး လုပ်နည်းအရ မြို့နယ် ကျွန်တော်တို့က ဆန္ဒပြ မလို့ ရဲတပ်ဖွဲ့ ဋ္ဌာနမှူးကို စာတင်လိုက်တယ်။ စီတန်းလှည့်လည် ဆန္ဒပြမှာပေါ့ဗျာ။
၈ ရက် မနက်မှာ ကျွန်တော်တို့ကို ငြင်းပယ်တဲ့ အမိန့် ပြန်ချပေးတယ်။ ဒီလိုငြင်းပယ်လိုက်တော့ ကျွန်တော်တို့ဟာ တိုင်းကို ဆက်တင်ရတော့မယ်လေ။

လုပ်ထုံးလုပ်နည်းအတိုင်းဆို ကျွန်တော်တို့ တိုင်းကို ဆက်တင်မယ်။ တိုင်းက တခါ ဆက်လက် ငြင်းပယ်မယ် ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ ပြည်သူလူထုတွေအားလုံး အဆင်သင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ တိုင်းအုပ်ချုပ်ရေးမှူး၊ သမ္မတအထိ လက်မှတ်ထိုးပြီး စာတင်ဖို့ လုပ်ထားတယ်။ ဆန္ဒပြခွင့်ကို လျှောက်တာကို မကျလာတဲ့အခါကျရင် ပြောတာပါ။
အခုဆိုရင် ကျွန်တော်တို့ မြို့နယ်နဲ့ ခရိုင်ကို လျှောက်ပြီးပြီ။ မကျလာဘူး။ ငြင်းပယ်တယ်။

ဒီကျောက်မီးသွေးစက်ရုံ မလည်ပတ်ခင် ၁၀ လပိုင်း၊ ၂၀၁၁ ကတည်းက ကျွန်တော် ကန့်ကွက်နေတာ။ ကျောက်မီးသွေးစက်ရုံကို တည်ဆောက်တာ ၈ လပိုင်း၊ ၂၀၁၁ လောက်ကတည်းက။ အခုချိန်ဆို တစ်နှစ်လောက်ရှိပြီ။
အဲဒီကျောက်မီးသွေးစက်ရုံက ထိုင်းနိုင်ငံ၊ ပရကျွပ် (ပကျွတ်) မြို့မှာ ကျောက်မီးသွေးစက်ရုံလည်ပတ်ဖို့ ဆောက်တင်လိုက်တဲ့ကိစ္စကို ထိုင်းတွေက ကန့်ကွက်လိုက်တယ်။ ၂၀၀၁-၂၀၀၂ ခုက သူက လည်ပတ်ဖို့ လုပ်တာကို ထိုင်းပြည်သူတွေက ကန့်ကွက်လိုက်တော့ မလည်ရဘူး။ အဲဒါကို ဒီအတိုင်းထားထားတဲ့ဟာကို ပန်းပျိုးသူ သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်မှ ကုမ္ပဏီပိုင်ရှင် ဦးကျော်လွင်က အစုတူ လုပ်မယ်ဆိုပြီးတော့ သွားယူလာတယ်။ ဟိုဘက်ခြမ်းက ပစ္စည်းခံပေါ့ဗျာ။ သူက ဒီမှာ အမည်ခံမှာ ပေါ့ဗျာ။

၃ လပိုင်းတုန်းက ကျောက်မီးသွေးရဲ့ ဆိုးကျိုးတွေကို ပြည်သူလူထုသိအောင် တမြို့လုံးကို စာရွက်ရေ အရွက် တစ်သောင်းရိုက်ပြီး ကျွန်တော် ဖြန့်ဝေလိုက်တယ်။ ၄ လပိုင်းမှာ သမ္မတဦးသိန်းစိန်ဆီကို ကျောက်မီးသွေးစက်ရုံဆောက်မယ့် ကိစ္စကို လက်မခံကြောင်း၊ အဆုံးအဖြတ်ပေးပါရန် ပြည်သူလူထု ၇၂ ဦး လက်မှတ်ထိုးပြီး ပူးတွဲ တင်ပေးလိုက်တယ်။ ကနေ့အချိန်ထိ ဘာမှ မဆင်းလာဘူး။

ကျွန်တော်တို့ သိထားတာ ဒီ ပန်းပျိုးသူ သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်ကို အမှတ် (၁) စက်မှုဝန်ကြီးဌာနက ခွင့်ပြုထားတယ်။ အမှတ် (၂) စက်မှုဝန်ကြီးဌာနကျတော့ ခွင့်မပြုထားဘူး။ တိုင်းဝန်ကြီးချုပ်တွေ၊ ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကော့သောင်းမြို့က လွှတ်တော်ကိုယ်စားလှယ်အမတ် ဒေါက်တာဝင်းအောင်က တိုင်းမှာ လျှပ်စစ်ဝန်ကြီးနေရာ သွားရတယ်။ သူတို့ကလည်း ခွင့်ပြုထားတာ မဟုတ်ဘူးလို့ သူက ပြောတယ်။ သူပြောတော့
ပြီးခဲ့တဲ့ ၇ လပိုင်း၊ ၃၀ ရက်နေ့ကထားဝယ်မှာ လက်မှတ်ထိုးပေးလိုက်တာ။ ဘိတ်မှာ ကျောက်မီးသွေးစက်ရုံ ၅၀ မီဂ္ဂါဝပ်တည်ဆောက်ဖို့ လက်မှတ်ထိုးပေးလိုက်တယ်။ ဘိတ်နဲ့ ၁၇ မိုင်ဝေးတဲ့ နေရာမှာ ဆောက်ဖို့ ပန်းပျိုးသူ သတ္တုတူးဖော်ရေး ကုမ္ပဏီကဆောက်တော့ လက်မှတ်ထိုးပေးလိုက်တာ။

ကော့သောင်းမြို့မှာ လည်ဖို့ လက်မှတ်ထိုးပေးတာမဟုတ်။ အဲဒါကို နားလှည့်ပါးရိုက်လုပ်တာ။ ခွင့်ပြုချက်မရပဲ စက်ရုံလည်ပတ်ဖို့လုပ်တာ။ ခွင့်ပြုချက်ရပါစေအုံး ပြည်သူလူထုက လက်မခံဘူးဆို သူတို့ ဖယ်ပေးရမယ်။
ကျောက်မီးသွေးက ဖြစ်ပေါ်လာမဲ့ ကာဘွန်မိုနောက်ဆိုဒ်က ဖြစ်လာတဲ့ ဆိုးကျိုးကို ပြည်သူလူထုက မခံစားနိုင်ဘူး။
ကျွန်တော်က အဲဒါကို ကမ္ဘာက ချမှတ်ထားတဲ့ စံချိန်စံညွှန်းအတိုင်း၊ ဒီစက်ရုံဟာ ကျွန်တော်တို့အတွက် မသင့်တော်ဘူး၊ ဆိုးကျိုးတွေရှိတယ် ဆိုတဲ့အကြောင်း၊ အဲဒီစက်ရုံက ဖြစ်လာမဲ့ မီးဟာ တစ်မိနစ်ကို ၂၀၀ ဆိုပြီး ဈေးပေါပေမဲ့၊ သုံးမယ်ဆိုရင် သုံးကောင်းတယ်။ ဈေးပေါပေါနဲ့ ဖြတ်ယူပြီး သုံးနေသလိုဖြစ်နေတာပေါ့။ ကျွန်တော် ဖြန့်ဝေထားတဲ့ စာရွက်တွေ အကြောင်းကိုလဲ ရှင်းပြတယ်။ သူတို့ကိုယ်တိုင်ကလဲ ဒီစက်ရုံစတင် လယ်ပတ်တဲ့နေ့မှာပဲ သူတို့ခံစားလိုက်ရတယ်။

၆ရက်နေ့က တစ်ကြိမ်လည်ကြည့်တာကတော့ ဒီလောက်အဖြစ်မဆိုးဘူး။ ၇ ရက်နေ့ အစမ်းလည်ကြည့်တဲ့နေ့မှာ သူတို့နှိုးလိုက်တဲ့ စက်သံဟာ လေယာဉ်ကွင်းက 747 super jet တွေ တစ်ပြိုင်တည်း ၅စီး ဆင်းလိုက်တဲ့ အသံနဲ့တူနေတယ်။ အနားမှာနေတဲ့ လူနေအိမ်တွေ မခံစားနိုင်ဘူး။ စက်ရုံနဲ့ လူနေအိမ်တွေက ပေ ၂၆ ကနေ အဝေးဆုံး ၃၀ပေ ရှိတယ်။ အဲဒီနေ့မှာပဲ အဲဒီစက်သံကြောင့် လသားအရွယ်ကလေးတစ်ယောက် လန့်ပြီးသေသွားတယ်။

အများဆုံး ၇ မိနစ်လောက်ကြာအောင် ဖွင့်လိုက်တဲ့ စက်ကနေ မီးခိုးတွေဟာ မဲနစ်ပြီး ထွက်လာတယ်။ ပြီးတော့ အနားမှာ စာသင်နေတဲ့ ကျောင်းသားတွေ ဘုန်းကြီးကျောင်း ကျိန်းစက်နေတဲ့ ဘုန်းကြီးတွေ ၀ုန်းကနေဆို လန့်နိုးသွားကြတယ်။ အဲဒီတော့ ကျောင်းစာသင်နေတဲ့ ကလေးတွေကလဲ စာမသင်တော့ပဲနဲ့ အခုပဲ ကမ္ဘာက ပျက်တော့ မလိုလိုမျိုး သူတို့က တွေးထင်ပြီးပြေးလာကြောင်း ကျွန်တော့ကိုပြောတယ်။ ဆရာ၊မတွေကိုယ်တိုင် လဲ ပြောပြပါတယ်။ ဒီတော့ စက်ရုံအသံကျယ်တဲ့အတွက် စာသင်လို့မရကြောင်း၊ ကျောင်း ဒါမှမဟုတ် စက်ရုံပြောင်းရွေ့ပေးဖို့ စာတင်ပါလို့ပြောထားတယ်။ သူတို့တွေက ကြောက်နေတာကို။ အဲဒီတော့ ပြည်သူလူထုတွေက ကျွန်တော့ကို ၀ိုင်းပြောကြတော့ ဒါတွေကို မှတ်တမ်းတင်ထားတယ် စာ၊အသံတွေကိုပါ အားလုံး မှတ်တမ်းတင်ထားတာပေါ့။

စက်ရုံပတ်ဝန်းကျင်ကလူတွေကို ရွှေပြည်သာရပ်ကွက်အပါ တစ်ရပ်ကွက်လုံး လက်မခံဘူး။ ရွှေပြည်သာ နှစ်ရပ်ကွက်ပေါင်း လူဦးရေ ၅၀၀၀ လောက်ရှိတယ်။ လူဦးရေ တစ်သိန်းနဲ့ ဆန္ဒပြဖို့အတွက်ကို ၇ရက်နေ့ ၈လပိုင်းမှာ ကျွန်တော်စာကိုပထမတင်လိုက်တယ်။ အဲဒီတော့ မြို့နယ်ရဲမူး ဦးကြည်ဝင်းက ကျွန်တော့ကို ပြန်ညှိတယ် တစ်သိန်းကများတယ် ၅ သောင်းလောက်နဲ့ မရဘူးလားဆိုတော့ ကျွန်တော်လဲ ခင်ဗျားတို့ ပေးတဲ့အတိုင်း ၅သောင်းဆိုလဲ ၅သောင်းနဲ့ ကျွန်တော်စာပြန်ရေးတယ် အဲဒါကို လုံခြုံရေးအကြောင်းပြပြီး ကျွန်တော်တို့ကို ငြင်းလိုက်တယ်။

စက်ရုံကို ဆန္ဒပြတာ၊ ပုဂ္ဂိုလ်နဲ့ မဆိုင်ဘူး။ ကျောက်မီးသွေးစက်ရုံကို ရပ်ပေးပါ။ အစားထိုးလောင်စာစက်ရုံကို ဆောက်ပေးပါ။ ဝေးလံသော နေရာကို ပြောင်း ရွေ့ပေးပါဆိုပြီးတော့ ကျွန်တော်တို့ ဆန္ဒပြတာ။

ဦးသန်းထွန်း
ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)
တနသာင်္ရီတိုင်း စည်းရုံးရေးမှူး
Dawei Watch