Pages

Thursday, August 9, 2012

စာနယ်ဇင်းသမား ၅၅၂ဦး လက်မှတ်ရေးထိုးထားသော တောင်းဆိုချက် ၇ ချက် သမ္မတနှင့် လွှတ်တော်ဥက္ကဌများထံ ပေးပို့မည်

ရန်ကုန်၊ သြဂုတ် ၉

သတင်းလွတ်လပ်ခွင့်ကော်မတီ (ယာယီ) က သြဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုသည့် အချက်များအား ထောက်ခံကြောင်း စာနယ်ဇင်းသမား ၅၅၂ ဦး လက်မှတ်ရေးထိုးထားခြင်းကို သြဂုတ်လ ၁၃ ရက်နေ့တွင် သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌများထံသို့ ပေးပို့မည်ဖြစ်ကြောင်း သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ) ၏ ယနေ့တွင်ကျင်းပသော အထူးအစည်းအဝေးသတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် သတင်းမီဒီယာသမားများ၏သဘောထားဆန္ဒမပါဘဲ ရေးဆွဲထားသော ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်မီဒီယာဥပဒေကို ကန့်ကွက်ရေးနှင့် သတင်းမီဒီယာများအပေါ်အစိုးရ၏တရားစွဲဆိုမှုများ ရုပ်သိမ်းပေးရေး ဆန္ဒထုတ်ဖော်ရေး ကိစ္စများကို သြဂုတ်လ ၁၅ ရက်နေ့တွင် ထပ်မံကာ အစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်း၊
သတင်းလွတ်လပ်ခွင့်ကော်မတီ၏ တောင်းဆိုချက်များ ရရှိသည်အထိ ဆက်လက်အရေးဆိုလှုပ်ရှားသွားမည်ဖြစ်ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းလွတ်လပ်ခွင့်ကော်မတီက သြဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော တောင်းဆိုချက် ၇ ချက်မှာ

၁။ ပိတ်ပင်ခံထားရသော The Voice Weekly , Envoy ၊ လျှပ်တပြက်ဂျာနယ်တို့ကို ချက်ချင်းထုတ်ဝေခွင့်ပေးရန်။
(မှတ်ချက်-အစည်းအဝေးပြီးဆုံးချိန်တွင် လျှပ်တပြက်ဂျာနယ်ကို ပြန်လည်ထုတ်ဝေခွင့်ပြုလိုက်ပြီဟု သိရှိရပါသည်)

၂။ ပြုပြင်ပြောင်းလဲမှုများကို ထိခိုက်စေသည့်နောက်ပြန်ဆွဲသော မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်လုပ်ရပ်မျိုးကိုမဆို အရေးယူဖယ်ရှားပေးရန်။

၃။ ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေနှင့်မီဒီယာများကို ဖိနှိပ်ကန့်သတ်ထားသော ဥပဒေများကို ချက်ချင်းဖျက်သိမ်းပေးရန်။

၎။ သတင်းမီယာများအပေါ် အရေးယူမှုများကို ထပ်မံလုပ်ဆောင်ခြင်းမပြုရန်။

၅။ ကျင့်ဝတ်နှင့်အညီရေးသားဖော်ထုတ်သော မည်သည့်ရေးသားမှုကို အစိုးရက ဥပဒေကြောင်းအရ တရားစွဲမှုများကို ချက်ချင်းရပ်ဆိုင်းရန်။

၆။ မီဒီယာသမားများသဘောဆန္ဒမပါဝင်ဘဲရေးဆွဲထားသည့် မည်သည့်မီဒီယာဥပဒေကိုမဆို လက်မခံပါ။

၇။ လတ်တလောဖြစ်ပွားနေသော စာပေလွတ်လပ်ခွင့်ဆုံးရှုံးမှုများအတွက် မီဒီယာသမားများအား နိုင်ငံတော်၏ တာဝန်အရှိဆုံးပုဂ္ဂိုလ်က အမြန်ဆုံးတွေ့ဆုံဖြေရှင်းပေးရန် တို့ဖြစ်သည်။
The Voice Weekly