Pages

Monday, August 27, 2012

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးနှင့် ပတ်သက်သော ကိစ္စရပ်ကို ယနေ့ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်၌ အပြီးအပြတ် ဆွေးနွေးမည်

Monday, 27 August 2012 10:21
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးနှင့် ပတ်သက်သော ကိစ္စရပ်ကို ယနေ့ ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်၌ အပြီးအပြတ် ဆွေးနွေးမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်၌ သတင်းရယူနေသည့် Eleven Media Group သတင်းထောက်က ပြောပါသည်။

ယနေ့ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ဆွေးနွေးမည့် အစီအစဉ်များတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအနေဖြင့် လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ
ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပ္ပါယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်း ချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေများ အရ လုပ်ပိုင်ခွင့်မရှိဘဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တည်ဆဲဥပဒေများပါ ပြဌာန်းချက်များကို ဆန့်ကျင်၍ မှားယွင်းစွာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် မှားယွင်း ဆောင်ရွက် ခဲ့မိ ကြောင်းကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံပဒေဆိုင်ရာ ခုံရုံးက ကြေညာချက် ထုတ်ပြန်ပေးရေး အတွက် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းပေးရန် အဆိုကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊
ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ရှင်းလင်း ဆွေးနွေးခြင်း ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း အစီအစဉ် ပါဝင်ခဲ့ပါသည်။

“ခုံရုံးနဲ့ ပတ်သက်တဲ့ အဆိုကို ဆွေးနွေးဖို့ ပထမက ပြည်ထောင် လွှတ်တော် ကိုယ်စားလှယ် ၃၉ ဦး အမည်စာရင်း ပေးထားပါတယ်။ နောက်ပိုင်းမှာတော့ ၇ ဦး ထပ်တိုးပါတယ်။ စုစုပေါင်း ၄၆ ဦး ဆွေးနွေးကြမှာပါ။ ထပ်တိုးထားတဲ့ ၇ ဦးမှာ ဒေါ် အောင်ဆန်းစုကြည် ပါဝင်လာပါတယ်။ နောက်ပြီး ဆွေးနွေးမယ့် ၄၆ ဦးထဲမှာ တပ်မတော်သား ကိုယ်စားလှယ် ၃ ဦးပါဝင်ပါ တယ်။ ဆွေးနွေးမယ့် သူတွေအတွက် တစ်ယောက်ကို အချိန် ၁၅ မိနစ်စီ ပေးထားပါတယ်။ ညနေ ၃ နာရီ မိနစ် ၃၀ မတိုင်မီ အပြီးသတ် ဆွေးနွေးကြရမှာပါ။ ညနေ ၃ နာရီ မိနစ် ၃၀ အချိန် ရောက်ရင်တော့ ကိုယ်စားလှယ် ၄၆ ဦး ဆွေးနွေး ပြီးသည် ဖြစ်စေ၊ မပြီးသည် ဖြစ်စေ ဆွေးနွေးမှုကို ရပ်ပြီး ပြည်ထောင်အဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ရှင်းလင်းမှာ ဖြစ် ပါတယ်။ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ရှင်းလင်းပြီးရင်တော့ လျို့ဝှက်မဲပေးစနစ်နဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူမှာ ဖြစ်ပါတယ်"ဟု ပြည်ထောင်စု လွှတ်တော်၌ သတင်းရယူနေသည့် Eleven Media Group သတင်း ထောက်က ပြောပါသည်။