Pages

Tuesday, August 7, 2012

E-Lite အဝေးပြေးယာဉ်လုပ်ငန်း ရန်ကုန် - နေပြည်တော် နှစ်ထပ်ကားယာဉ် ဖြင့်ပြေးဆွဲမည်


The Voice Weekly ရန်ကုန်၊ သြဂုတ် ၇
E-Lite Express မှ နှစ်ထပ်ကားဖြင့် ရန်ကုန် - နေပြည်တော် ပြေးဆွဲရန် စီစဉ်နေကြောင်း Elite Express မန်နေဂျာ ဦးထွန်းမြင့်ဆန်းက The Voice Weekly သို့ပြောကြားသည်။
“အခု ရန်ကုန် - နေပြည်တော် ပြေးဆွဲမယ့် ၂ထပ်ကား ကို အခု က.ည.န မှာလိုင်စင်ဝင်နေပါတယ်။ ဘယ်တော့ စထွက်မယ်ဆိုတာကတော့ လိုင်စင်ပေါ်ပဲ မူတည်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
အဆိုပါ နှစ်ထပ်ကားထိုင်ခုံများသည် ယခင် အတိုင်း လေယာဉ် အခင်းအကျင်း ဖြစ်ပြီး ဆွီဒင်နိုင်ငံထုတ် ကား ဖြစ်ကြောင်း၊ ယာဉ်အပေါ်ထပ်၌ ၄၃ ခုံပါ၍ အောက်ထပ်၌ ၁၃ ခုံပါဝင်ကြောင်း ၎င်းက ရှင်းလင်းပြောပြသည်။
ယခင် တစ်ထပ်ကားများတွင် အင်တာနက် ပါဝင်မည့် ကိစ္စနှင့်ပတ်သတ်၍ မေးမြန်းရာ “Mobile Internet စနစ်ကို လုပ်ချင်တာပဲရှိပါသေးတယ်။ အဆင်မပြေသေးပါဘူး။ Mobile အသုံးပြုနိုင်မယ့် လိုအပ်တဲ့ Internet ထုတ်လွှင့်ပေးမယ့်တိုင်တွေလဲ လိုပါသေးတယ်” ဟု ၎င်းက ဆိုသည်။
“မြန်မာနိုင်ငံမှာ ၂ထပ်ကားတွေ ပြေးဆွဲမယ်ဆိုတာကို ကြိုဆိုပါတယ်။ တစ်ခါတစ်လေ ကားထိုင်ခုံမရှိတော့တဲ့အတွက် မရတော့ဘူး လို့ပြောလိုက်ရင် တော်တော်စိတ်ညစ်ရတယ်။ အခု ကား ၂စီးစာ နီးပါးလောက်ဖြစ်တော့ ဒီလိုမျိုးကားတွေများလာရင် ခရီးသွားချင်တဲ့သူလဲ ကားထိုင်ခုံမရှိတော့ဘူးဆိုတဲ့ ဒုက္ခလဲ ဝေးသွားတာပေါ့” ဟု စမ်းချောင်းမြို့ နယ်အတွင်း နေုထိုင်သူ အသက် ၃၀နှစ်အရွယ်အမျိုးသားတစ်ဦးက ဆိုသည်။

E-Lite ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းကို ၂၀၁၁ ခုနှစ် တွင်စတင်ခဲ့ပြီး တစ်ထပ်ကားများအနေဖြင့် ၃၃ စီးရှိပြီ ဖြစ်ကြောင်း၊ ၂၀၁၂ ဧပြီလ အတွင်း နှစ်ထပ်ကား နှင့်ပြေးဆွဲရန် စီစဉ်ခဲ့ပြီး ၎င်းတို့အနေဖြင့် ပြည်ပနိုင်ငံများကဲ့သို့ အစီးရေများစွာ တင်သွင်းပြေးဆွဲသွားရန် ရှိကြောင်း ၎င်းက ပြောကြားသည်။
 The Voice Weekly