Pages

Thursday, August 9, 2012

နယူးဇီလန်နှင့် သြစတြေးလျမှ ခုံသမာဓိများ မြန်မာနိုင်ငံ၌ လာရောက်လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ILO မှပြောကြား

နယူးဇီလန်နိုင်ငံနှင့် သြစတြေးလျနိုင်ငံမှ အတွေ့အကြုံရှိ ခုံသမာဓိများအား မြန်မာနိုင်ငံ၌ လာရောက်လုပ်ကိုင်နိုင်စေရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား တင်ပြပေးသွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း(International Labour Organization, ILO) မှ Chief Technical Advisor, Mr. James Ross Wilson က ပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း ILO အနေဖြင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်အချို့ကို ရုပ်သိမ်းမှုများ ပြုလုပ်ခဲ့ပြီးနောက် နည်းပညာဆိုင်ရာနှင့် ဆွေးနွေးပွဲများကို ဇူလိုင်လ ၇ ရက်နေ့၌ စတင်ပြုလုပ်ပေးလာကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရှိရသည်။
Mr.James Ross Wilsonက ''မြန်မာနိုင်ငံလူထုက တကယ့်ကို အလားအလာအရှိဆုံး၊ ဖွံ့ဖြိုးတိုးတက်ဖို့ အရေးအကြီးဆုံး အဖွဲ့အစည်း ဖြစ်ပါတယ်။ ILO ကတော့ မြန်မာနိုင်ငံမှာ အလုပ်ရှင်၊ အလုပ်သမား အကျိုးစီးပွားကို ကြည့်ပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ILOက မြန်မာမှာ ဘက်မလိုက် အဖွဲ့အစည်းတွေ ဖွဲ့စည်းဖို့ ကူညီမယ်။ ဒီနောက်ပိုင်းမှာ အကြံဉာဏ်နဲ့ အကူအညီပေးပါလိမ့်မယ်။ အခုချိန်ကစပြီး အလုပ်သမား၊ အလုပ်ရှင် အဖွဲ့အစည်းတွေကို Training ပေးမယ်။ လာမယ့်နှစ်တွေမှာ ဒီထက်ပိုမြင့်မားတဲ့ အရာတွေ၊ ရေရှည်မှာ အကျိုးရှိမယ့်အရာတွေ မြန်မာကိုပေးနိုင်မယ်လို့ မှန်းပါတယ်။ အချိန်တော့ နည်းနည်းယူရပါမယ်။ ကျွန်တော့်အနေနဲ့ နယူးဇီလန်နဲ့ သြစတြေးလျက အတွေ့အကြုံရှိတဲ့ ခုံသမာဓိတွေ မြန်မာနိုင်ငံကိုလာပြီး လုပ်ကိုင်နိုင်ဖို့ မျှော်လင့်ပါတယ်၊၊ ဒီအတွက် သက်ဆိုင်ရာ အစိုးရတွေကို ကျွန်တော် တင်ပြပေးသွားပါမယ်'' ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စိတ်ဝင်စားခြင်းသည် ဈေးနှုန်းသက်သာသော အလုပ်သမားများကြောင့်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် စင်ကာပူနိုင်ငံကဲ့သို့ အချက်အချာကြသည့်နေရာတွင် တည်ရှိပြီး အလုပ်သမားများ၏ စွမ်းဆောင်နိုင်စွမ်းကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်ကြောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားများ၏ စွမ်းဆောင်နိုင်စွမ်း ဖွံ့ဖြိုးလာပါက အလုပ်နေရာများလည်း တိုးတက်လာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Eleven Media Group