Pages

Friday, August 3, 2012

UNHCR ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသူများ ခေါ်ယူစစ်ဆေးခံနေရ


ရန်ကုန်မြို့ မြေနီကုန်းအနီးတွင်ရှိသော ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသူများကို ခေါ်ယူစစ်ဆေးမှုများပြုလုပ်နေကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူ ကိုဝင်းခန့်က The Street View ဂျာနယ်သို့ အတည်ပြုပြောကြားသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တားနားတို့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ၏ ရိုဟင်ဂျာအရေးထုတ်ဖော်ပြောဆိုမှုကို ထောက်ခံကြောင်း သြဂုတ် ၃ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် UNHCR ရုံးရှေ့တွင်ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သူများကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
UNHCR ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသူများထဲမှ ကိုဝင်းခန့်၊ ကိုအောင်နိုင်ထွန်း၊ ကိုမျိုးမင်းစိုး၊ ကိုသူရထွန်း တို့ကို သြဂုတ် ၃ ရက်နေ့ညပိုင်းတွင် စမ်းချောင်းမြို့နယ်ရဲစခန်းမှ ခေါ်ယူစစ်ဆေးမှုများပြုလုပ်နေကြောင်း ကိုဝင်းခန့်က ဆက်လက်ပြောကြားသည်။
`ဒီနေ့ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်ခဲ့တဲ့ ကျွန်တော်ရယ်၊ ကိုအောင်နိုင်ထွန်း၊ ကိုမျိုးမင်းစိုးနှင့် ကိုသူရထွန်းတို့ လေးဦးကို ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်နေပါတယ်´ ဟု စမ်းချောင်းမြို့နယ်ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခံနေရာမှ The Street View ဂျာနယ်၏ ဆက်သွယ်မေးမြန်းမှုကို ကိုဝင်းခန့်က ယနေ့ည ၇ နာရီခွဲတွင် အတည်ပြုပြောကြားသည်။
ဆန္ဒထုတ်ဖော်ခဲ့ကြသူများ ခေါ်ယူစစ်ဆေးနေမှုနှင့်ပတ်သက်ပြီး The Street View ဂျာနယ်မှ စမ်းချောင်းမြို့နယ် စခန်းမှုးအား တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ အလုပ်ရှုပ်နေပါသဖြင့် နောက်မှပြန်လည်ဆက်သွယ်ရန် ဖြေကြားခဲ့သည်။