Pages

Sunday, September 30, 2012

အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူများအား ထောက်ပံ့ရန် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း အေအာတီဆေးဝါး ကျပ်သိန်းနှစ်ထောင်ဖိုး နိုင်ငံတော်မှဝယ်ယူမည်

အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေသူများအား ဆေးဝါးထောက်ပံ့နိုင်ရန် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း အေအာတီဆေးဝါး ကျပ်သိန်း နှစ်ထောင်ဖိုး နိုင်ငံတော်မှဝယ်ယူသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။   
''အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရပြီး အေအာတီဆေးလိုအပ်နေတဲ့ လူနာတိုင်း ဆေးမရသေးဘူး။ လိုအပ်နေတဲ့သူတွေကို ဆေးပေးနိုင်ဖို့အခု နိုင်ငံတော်အနေနဲ့ အေအာတီဆေးတွေဝယ်ဖို့ စီစဉ်နေတယ်။ ကျန်းမာရေးကဏ္ဍအတွက် ဘတ်ဂျက်ကိုတိုး မြှင့်ပေးထားတဲ့အတွက် ဒီဘက်တွေကိုလည်း ပံ့ပိုးတာပါ။ ဒီဆေးတွေကလည်း အခုလိုအပ်နေတဲ့သူတွေ အားလုံးကိုတော့ မပေးနိုင်သေးပါဘူး။ အစိုးရအနေနဲ့ကလည်း ရတဲ့ဘတ်ဂျက်ရယ် လိုအပ်ချက်တွေရယ် ရောဂါတွေကလည်း အများကြီးရှိတော့ သူ တို့ဘက်ကလည်း ကဏ္ဍအားလုံးကို မျှထည့်ရတာပါ။ လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့ တခြားအလှူရှင် အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးနေပါတယ်'' ဟု ကျန်းမာရေးဦးစီးဌာန ရောဂါနှိမ်နှင်းရေးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစောလွင်က ပြောပြခဲ့သည်။
အိတ်ခ်ျအိုင်ဗွီ ဝေဒနာများအနက်  CD4 အရေအတွက် ၃၅၀ အောက်ရှိနေသည့် ဝေဒနာရှင်များကို အေအာတီဆေးဝါးတိုက်ရန် သတ်မှတ်ထားသော်လည်း လက်ရှိတွင် CD4 အရေအတွက် ၂၀၀ အောက်ရှိသူများကိုသာ ဆေးတိုက်ကျွေးနိုင်ကြောင်း Marie Stopes International  မှ  မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင်၏ ပြောကြားချက်အရ သိရသည်။
၂၀၁၂ ခုနှစ် ဇွန်လအထိ ရရှိထားသည့်စာရင်းများအရ ဆေးဝါးလိုအပ်သူများအနက် လူဦးရေ ၄၄၆၆၁ ဦးကို အေအာတီဆေးဝါးပေးနိုင်ခဲ့ပြီး ကျန်ရှစ်သောင်းကျော်မှာ အေအာတီဆေးဝါးရရှိရန် လိုအပ်နေသူများဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း (၂၀၁၁ -၂၀၁၅) ခုနှစ်နှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုစီမံကိန်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့က အတည် ပြုပေးခဲ့ပြီးဖြစ်သည်။
Elrvrn Media Group