Pages

Monday, September 24, 2012

 မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများ အကောင်အထည်ဖော်မှုကို အမေရိကန် ကူညီမည်ဖြစ်ကြောင်း သမ္မတအိုဘားမား ပြောကြား


မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများ အကောင်အထည်ဖော်မှုကို အမေရိကန် ကူညီမည်ဖြစ်ကြောင်း သမ္မတဘားရက်အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတအိမ်ဖြူတော်၌ စက်တင်ဘာလ ၁၉ ရက်နေ့က တွေ့ဆုံစဉ်ပြော ကြားခဲ့သည်ဟု တွေ့ဆုံမှုအပြီး အိမ်ဖြူတော်၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
 ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအိုဘားမားနှင့် အိမ်ဖြူတော်၌ သီးသန့်တွေ့ဆုံခဲ့ပါသည်။
ယင်းကဲ့သို့ တွေ့ဆုံပြီးနောက် သမ္မတအိုဘားမားက ကြေညာချက် ထုတ်ပြန်ခဲ့ပြီး နှစ်ပေါင်းများစွာအတွင်း ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ကျိုးစွန့်မှု၊ သန္နိဋ္ဌာန်ချမှု၊ ရဲရင့်မှုတို့အတွက် လေးစားဂုဏ်ယူကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် သမ္မတဦးသိန်းစိန်နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်ခဲ့သည့်
 မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အကူးအပြောင်းနှင့် မကြာသေးမီက ဖော်ဆောင်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများအတွက် သမ္မတက ကြိုဆိုပါကြောင်းလည်း ဖော်ပြခဲ့သည်။
သမ္မတအနေဖြင့် မြန်မာပြည်သူများ၏ အခြေခံအခွင့်အရေးများ အပြည့်အ၀ ကာကွယ်စောင့်ရှောက်ရေး သေချာမှုရှိစေရန်နှင့် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အားပေးရန်အတွက် ၎င်းတို့၏ အားထုတ်မှုကို ထောက်ခံရန် အမေရိကန် ပြည်ထောင်စု၏ သန္နိဋ္ဌာန်ချထားမှုကို ထပ်လောင်းအတည်ပြုပြောကြားခဲ့ကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
လက်ရှိဆောင်ရွက်နေသည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်သည် နိုင်ငံရှိ ပြည်သူများအား ပိုမိုအေးချမ်းသာယာပြီး လွတ်လပ်ကာ သာယာဝပြောသည့်အနာဂတ်ကို ပုံဖော်ခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီး ပိုင်ခွင့် ရရှိမည့် အခွင့်အလမ်းကို ပေးလိမ့်မည်ဟု ယုံကြည်ကြောင်းလည်း သမ္မတအိုဘားမားက ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။