Pages
▼
Thursday, September 27, 2012
အောက်တိုဘာလအတွင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုညီလာခံကျင်းပမည်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် အောက်တိုဘာလအတွင်း ဗဟိုညီလာခံအပါအ၀င် ညီလာခံအားလုံး ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဋ္ဌေးဦးက စက်တင်ဘာလ ၂၇ ရက်နေ့က ပြောပါသည်။
ညီလာခံများကို မြို့နယ်ညီလာခံ၊ ပြည်နယ်တိုင်းဒေသကြီး ညီလာခံနှင့် ဗဟိုညီလာခံတို့ကို အဆင့်ဆင့်ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ခရိုင်ညီလာခံ ပြုလုပ်မည်မဟုတ်ကြောင်း၎င်းက ဆိုပါသည်။
ဗဟိုညီလာခံတွင် ပါတီဖွဲ့စည်း ပုံစည်းမျဉ်းကို ညီလာခံတွင် အတည် ပြုမည်ဖြစ်ကြောင်း၊ စည်းမျဉ်းအ သစ်အရမြို့နယ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဥက္ကဋ္ဌရာထူးများ ထားရှိသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဗဟိုကော်မတီဝင် ၁၅၀ ဦးနှင့် အရန်ဗဟိုကော်မတီဝင် ၅၀ ဦးကို ရွေးချယ်မည်ဖြစ်ကြောင်း အထွေထွေအတွင်းရေးမှူးက ပြောပါသည်။
"ဗဟိုအဆင့်မှာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ရာထူးတွေက မလစ်လပ်ပါဘူး။ တာဝန်မထမ်းဆောင်နိုင်တာပဲ ရှိပါတယ်။ တိုင်းအဆင့် ညီလာခံတွေပြီးမှ ဗဟိုတက်ရမှာဆိုတော့ ရက်အတိအကျတော့ မသတ်မှတ်ရသေးပါဘူး"ဟု အထွေထွေအတွင်းရေးမှူး ဦးဋ္ဌေးဦးက ပြောကြားပါသည်။
ထို့အပြင် လွှတ်တော်တွင်း ဆောင်ရွက်ချက်များကို တင်ပြဆွေး နွေး၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ်သွားမည်ဖြစ်ကြောင်းလည်း ဆိုပါသည်။