Pages

Thursday, September 20, 2012

အမေရိကန်တွင် စီးပွားရေးလုပ်ကိုင်ခွင့်နှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် တားမြစ်ခံထားရသူ စာရင်းမှ သမ္မတ ဦးသိန်းစိန်ကို ဖယ်ရှားပေး

အမေရိကန်တွင် စီးပွားရေးလုပ်ကိုင်ခွင့်နှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် တားမြစ်ခံထားရသူများစာရင်းမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဖယ်ရှားပေးခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေ မန်းကိုလည်း တားမြစ်ခံထားရသူများစာရင်းမှ ဖယ်ရှားပေးခဲ့သည်ဟု သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်သို့ ရောက်ရှိနေပြီး စက်တင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် ပုဂ္ဂိုလ်ရေးအရ မတွေ့ဆုံမီတွင် ယခုကြေညာချက် ပေါ်ထွက်လာခဲ့ ခြင်းဖြစ်သည်။ အိုဘားမားအစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသည့်နည်းတူ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများတွင် အဓိကကျသော သမ္မတ ဦးသိန်းစိန်ကိုလည်း ဂုဏ်ပြုခြင်းဖြင့် ဘက်မျှချိန် ညှိလိုသည့် သဘောဖြစ်သည်ဟု အေပီသတင်းဌာနက ဖော်ပြသည်။