Pages

Tuesday, September 25, 2012

လက်ရှိအချိန်အခါဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးမှာ ပြည်ပ အကူအညီနဲ့ အထောက်အပံ့ အလိုအပ်ဆုံး အချိန်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်

RFA Burmese
လက်ရှိအချိန်အခါဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးမှာ ပြည်ပ အကူအညီနဲ့ အထောက်အပံ့ အလိုအပ်ဆုံး အချိန်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။

အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလစ်ကန် အမတ်ခေါင်းဆောင် မစ္စတာ Mitch McConnell ရဲ့ ဖိတ်ကြားချက်အရ အမေရိကန် ပြည်ထောင်စု၊ ကင်တပ်ကီပြည်နယ် လူးဝစ္စဗီးလ်တက္ကသိုလ် “မက္ကော်နယ် ဗဟိုလေ့လာရေး ဌာန” မှာ မနေ့က ကျင်းပတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်း စုကြည်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

အတိတ်ကလို အဆိုးအကောင်း အလွယ်တကူ ခွဲခြားလို့ရတဲ့အချိန် မဟုတ်တဲ့အတွက် ဒီအခြေအနေမျိုးမှာ အဆိုးအကောင်း ခွဲခြားသိမြင် လုပ်ကိုင်နိုင်ဖို့ ဥာဏ်ပညာအားဖြင့် မြန်မာနိုင်ငံကို ၀ိုင်းဝန်း အကူအညီပေးကြဖို့ လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က
ပြောပါတယ်။

“ဘယ်အရာက အမှန်တရားလဲ၊ ဘယ်ဟာက အပေါ်ယံလည်းဆိုတာကို ခွဲခြားသိနိုင်ဖို့ အရေးကြီးတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်၊ ဒါဟာ အလွန်တရာခက်ခဲတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်” လို့လည်း ပြောပါတယ်။

ဒီအခမ်းအနားကို အထက်လွှတ်တော် အမတ် မစ္စတာ Mitch McConnell လည်း တက်ရောက်ပြီး မြန်မာ့အရေး လေ့လာသူတွေ၊ ကင်တပ်ကီပြည်နယ်ရောက် မြန်မာပြည်ဖွား တိုင်းရင်းသားတွေလည်း တက်ရောက်ခဲ့ကြ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ အမေရိကန် ပြည်ထောင်စုရောက်
မြန်မာအများစု နေထိုင်ရာ မြို့တမြို့ ဖြစ်တဲ့ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ကို ရောက်ရှိနေပြီး မြန်မာမိသားစုတွေနဲ့ တွေ့ဆုံစကားပြောဖို့ ရှိပါတယ်။


News from : RFA
Post by အေးချမ်းမွန်