Pages

Wednesday, September 5, 2012

အစိုးရနှင့် ကေအင်န်ယူ နှစ်ဖက်တပ်များ လိုက်နာရမည့် ကျင့်ဝတ်၊ စည်းကမ်းမူကြမ်းကို သဘောတူလက်မှတ်ထိုး


ရန်ကုန်၊ စက်တင်ဘာ-၎

ပြည်သူလူထု ဘ၀လုံခြုံမှု ရရှိရန်အတွက် နှစ်ဖက်တပ်များ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းဝင်သော မူကြမ်းအား သဘောတူကြောင်း ကရင်အမျိုသားအစည်းအရုံး(KNU)နှင့် ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ စက်တင်ဘာ ၄ ရက် မွန်းလွဲ ၂ နာရီခန့်က လက်မှတ်ရေးထိုးခဲ့သည်။

ကျင့်ဝတ်နှင့် ပတ်သက်၍ ဆွေးနွေးရာတွင် နှစ်ဖက်တပ်များ လိုက်နာရမည့် စည်းကမ်းနှင့် တပ်ပြောင်းရွှေ့ရေးတို့ ပါဝင်ကြောင်း ၀န်ကြီးဦးအောင်မင်းက ပြောသည်။

“အသေးစိတ်ကို ဆက်ပြီးဆွေးနွေးရဦးမယ်။ သက်ဆိုင်ရာတပ်မှူးတွေနဲ့ တိုင်ပင်ပြီးတော့ ”

ယခုဆွေးနွေးပွဲနှင့်ပတ်သက်၍ KNU ပြောရေးဆိုခွင့်ရှိသူ နော်မေဦးက “အပစ်အခတ်ရပ်စဲရေးမှာ နှစ်ဦးနှစ်ဖက် လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေနဲ့ တပ်အပြောင်းအရွှေ့ ကိစ္စဆိုတာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအနေနဲ့ကြည့်ရင် ပထမအဆင့်ပဲရှိတယ်”ဟု ပြောကြားခဲ့သည်။

လက်ရှိ KNU နယ်မြေထဲတွင် နယ်ခြားစောင့်တပ်များ အပါအ၀င် တပ်ရင်းပေါင်း ၈၀၊ နယ်ခြားစောင့်တပ်မှ တပ်ရင်း ၁၃ ခုနှင့် မြန်မာအစိုးရ တပ်စခန်း ၃၁၀ ရှိကြောင်း KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောသည်။

လက်ရှိတွင် တိုက်ပွဲများ မဖြစ်ပွားသော်လည်း နယ်မြေအခြေအနေအရ KNU နယ်မြေအတွင်းရှိ ကျေးရွာပေါင်း ထက်ဝက်ကျော်မှာ ကြုံသလို နေထိုင်နေရကြောင်း နော်မေဦးကပြောသည်။ လာမည့် အောက်တိုဘာလတွင် နှစ်ဖက်ပူးပေါင်း၍ မိုင်းရှင်းလင်းရေး ဆောင်ရွက်မည်ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံးနှင့် မြန်မာအစိုးရတို့သည် ဇန်န၀ါရီလ ၁၃ ရက်က အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ဧပြီလ ၅ ရက်နှင့် ၆ ရက်က တွေ့ဆုံခဲ့ကြသည်။

တတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုတွင် ကေအင်န်ယူဘက်မှ အဖွဲ့ခေါင်းဆောင် နော်စီဖိုးရာစိန်၊ ဒုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်စရှာထုဝေါ် အပါအ၀င် ငြိမ်းချမ်းရေးကိုယ်စားလှယ်ကိုးဦး တက်ရောက်ခဲ့ကြသည်။

အစိုးရဘက်မှ သမ္မတရုံးဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ပြည်ထောင်စုဝန်ကြီးအချို့၊ ကရင်လွှတ်တော်ကိုယ်စားလှယ်များအပြင် ရန်ကုန်တိုင်း ကရင်ရေးရာဝန်ကြီး စောထွန်းအောင်မြင့်၊ နိုင်ငံတကာလေ့လာသူသုံးဦးနှင့် ပြည်တွင်းလေ့လာသူသုံးဦး ပါဝင်သည်။
7 Day News