Pages

Sunday, September 16, 2012

 စက်မှုဝန်ကြီးဌာနပိုင် အလှကုန်ပစ္စည်းစက်ရုံ(သုဝဏ္ဏ)ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ မြေတန်ဖိုး ၂၅ ရာခိုင်နှုန်း လျော့ချကာ ကျပ်သန်း ၁၄၀၀၀ ကျော်ဖြင့် အပြီးအပြတ် ရောင်းချ


ရောင်းချခဲ့သည့် အလှကုန်ပစ္စည်းစက်ရုံ(သုဝဏ္ဏ)ကို တွေ့ရစဉ် ဓာတ်ပုံ - ကျော်ဇင်ဝင်း

စက်မှုဝန်ကြီးဌာနပိုင် အလှကုန်ပစ္စည်းစက်ရုံ(သုဝဏ္ဏ)အား မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ စက်ရုံ၏မြေတန်ဖိုး ၂၅ ရာခိုင်နှုန်း လျော့ချပေးကာ ကျပ်သန်း ၁၄၅၂၀ ဒသမ ၅၆၀ ဖြင့် နိုင်ငံပိုင်ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်က အပြီးအပြတ် ရောင်းချခဲ့ကြောင်း သတင်းရရှိသည်။

စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးနှင့် စားသောက်ကုန်လုပ်ငန်းပိုင် မြေ ၄၂ ဒသမ ၆၄၆ ဧကရှိ အလှကုန်ပစ္စည်းစက်ရုံ(သုဝဏ္ဏ)အား မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သို့ ယခင်က ကျပ် ၁၈၇၈၅ ဒသမ ၁၆၀ သန်းဖြင့် ၀ယ်ယူခွင့်ပြုခဲ့သော်လည်း ယင်းစက်ရုံ၏ မြေတန်ဖိုးအား ၂၅ ရာခိုင်နှုန်း လျော့ချပေးရန် နိုင်ငံပိုင်ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ မြေတန်ဖိုးအား ၂၅ ရာ ခိုင်နှုန်းလျော့ချပေးခဲ့သဖြင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က မြေ ၄၂ ဒသမ ၆၄၆ ဧကရှိ အလှကုန်ပစ္စည်း စက်ရုံ(သုဝဏ္ဏ)အား တန်ဖိုးငွေကျပ်  ၁၄၅၂၀ ဒသမ ၅၆၀ သန်းဖြင့် အပြီးအပြတ် ၀ယ်ယူခွင့်ရရှိခဲ့သည်။

ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ နိုင်ငံပိုင်အချိုးအစားကို လျော့ချ၍ ပုဂ္ဂလိကပိုင် အချိုးအစားသို့ ပြောင်းလဲတိုးတက်လုပ်ဆောင်နိုင်ရန်နှင့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးလုပ်ငန်းစဉ်များအား စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်  ယခင်ဖွဲ့စည်းထားသည့် နိုင်ငံပိုင်ပစ္စည်းများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်ကို ဒုတိယသမ္မတက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပါဝင်သည့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ကော်မရှင်သည် နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပြီးနောက် နိုင်ငံတော်အတွက် အကျိုးရှိ၊ မရှိ စိစစ်၍ အကျိုးကျေးဇူးနှင့် အားနည်းချက်ကို သုံးသပ်တင်ပြပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရန်နှင့် ပုဂ္ဂလိကသို့ လွှဲပြောင်း  ရောင်းချခြင်းမပြုသည့် နိုင်ငံတော်အစိုးရက မဖြစ်မနေ ဆက်လက်ဆောင်ရွက်ရမည့် စက်ရုံ၊ အလုပ်ရုံနှင့်လုပ်ငန်းများအား စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိ၊ မရှိ စိစစ်သုံးသပ်မှုများ ဆောင်ရွက်မည်ဟု သိရှိရသည်။

ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ စီးပွားရေးအခြေခံမူများ၊ တည်ဆဲဥပဒေများနှင့် ကိုက်ညီအောင် ဆောင်ရွက်မည်ဖြစ်ပြီး စွမ်းဆောင်ရည်ကျဆင်းလျက်ရှိသည့် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံနှင့်လုပ်ငန်း များအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေး နည်းလမ်းများအား အသုံးပြု၍ ဆောင်ရွက်သွားမည်ဖြစ်သည်။

ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး ဆိုင်ရာကိစ္စများကို ကော်မရှင်က သတ်မှတ်ပေးရမည်ဖြစ်ပြီး ပုဂ္ဂလိက ပိုင်ပြုလုပ်ရာတွင် စက်ရုံ၊ အလုပ်ရုံနှင့်
လုပ်ငန်းများအားဝယ်ယူသူမှ အခြားလုပ်ငန်းသို့ ပြောင်းလဲလုပ်ကိုင်ခွင့်မရှိဘဲ အခြားလုပ်ငန်းသို့ ပြောင်းလဲ လုပ်ကိုင်လိုပါက
ဆောင်ရွက်လိုသည့်လုပ်ငန်းအား စိစစ်သုံးသပ်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။