Pages

Wednesday, October 24, 2012

သစ်ပင်အကိုင်းများမှရေများထူးဆန်းစွာပန်းထွက်နေ (ရေကျသစ်ပင်)

ဓာတ်ပုံ-တင့်စိုးဝေ(ထားဝယ်)
 ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ် ၊တောမိုးတောင်ပေါ်က ပေ ၅၀ ကျော်မြင့်တဲ့ သစ်ပင်တစ်ပင်ဖြစ်တယ်။ သင်္ကန်းကျောက်ပင်လို့ခေါ်တယ်။ ထူးဆန်းတာတစ်ခုတွေ့ရတယ်။ သစ်ပင်ထိပ်အကိုင်းအခက်တွေ ပေါ်ကနေပြီး သပြေခက်နဲ့ရေပက်သလို ရေတွေဖြန်းကျနေတာ။ တခါတလေမှာတော့ ပြွတ်လေးနဲ့ ထိုးချသလို နောက်ပီးတော့ ရေခက်ရေမှုံတွေ နဲ့ မှုတ်ထုတ်သလို မြင်နေရတယ်။ မှန်ဘီလူးနဲ့ ကြည့်ရင်တော့ ဘယ်လိုထွက်နေတယ်ဆိုတာ မြင်ရမှာပေါ့။ အခု ၁၈ × ဇူးကင်မရာနဲ့ ဆွဲရိုက်ထားတဲ့ ဗီဒီယိုတောင်မှ အတော်လေးပီပြင်မှုရှိနေတာကို တွေ့ရမှာပါ။ ဒီလိုကျနေတဲ့ရေတွေကို အောက်ကခွက်နဲံခံ၊ ပုလင်းနဲ့ထည့်နေကြသူများကိုလည်းတွေ့မိပါရဲ့။ ဒီလိုဖြစ်ပေါ်နေတာဟာ တောမိုးတောင်အလယ်ခန်း၊ ဓမ္မရက္ခိတကျောင်းအာရမ်အတွင်းမှာ ကျင်းပခဲ့တဲ့ အသံမစဲ မဟာပဌာန်းပူဇော်ပွဲကျင်းပတဲ့နေ့က စတင်ခဲ့တယ်လို့ တောမိုးတောင် အလယ်စခန်းသာသနာပြုဆရာလေး ဒေါ်ခေမာစာရီကပြောပါတယ်။
 20-10-2012 ရက်နေ့က စခဲ့တဲ့ ပဌာန်းပွဲဟာ 22-10-2012 ရက်နေ့မှာ သုံးရက်မြောက်ပြီး အပြီးသတ်ခဲ့ပါတယ်။
ကျွန်တော်တို့က ၄ ရက်မြောက် ဥပုသ်နေ့မှာ ရောက်သွားခဲ့တာပါ။
 တောမိုးတောင်မှာ သာသနာပွင့်လင်းလာတော့မဲ့နိမိတ်ကို နတ်တွေက တန်ခိုးပြတာဖြစ်နိုင်တယ်လို့ ဘုရားဖူးလာကြသူတွေနဲ့ ဥပုသ်သည်တချို့က ဒီလိုပြောကြပါတယ်။
 တောမိုးတောင်ဟာ ထားဝယ်မြစ်တစ်ဖက်ကမ်း၊ လောင်းလုံးမြို့နယ်ထဲမှာရှိပြီး မြို့ပေါ်ကနေပြီး ၆ မိုင် ၇ဖာလုံဝေးတဲ့ (တောရှည်ရွာအလွန်) တောင်ခြေ မောင်းမကန်သွားလမ်းမနဘေးက မုခ်ဦးလေးမှတဆင့် ၁၁ ဖာလုံကွာဝေးပါတယ်။ တောင်ထိပ်အထိတော့ မဟုတ်ပါဘူး။ အလယ်အထိပါ။ တောင်ထိပ်အထိအမြင့်ပေပေါင်း1644ပေ ရှိတယ်လို့ သိရပါတယ်။ အစကို ပြန်ကောက်ရမယ်ဆိုရင်တော့ သစ်ပင်ရေကျ ဒီကိစ္စကို လူတွေသိပ်မသိကြသေးပါဘူး။ ဒါဟာ ဂန္ဓာရီဖြစ်ရပ်တစ်ခုလေလား ခွဲခြားရတာဥာဏ်မမှီနိုင်ပါ။ လူငယ်တစ်စု တက်လေ့လာကြပါတယ်။ ဒီသစ်ပင်မျိုး တောမိုးတောင်အလယ်စခန်းရဲ့ ရှိုမြောင်ထဲမှာ သုံးပင်ရှိသေးတယ်လို့ သိရပါတယ်။ ဝေဖန်သုံးသပ်လေ့လာချင်ရင်တော့ ကိုယ်တိုင်သွားကြည့်တာ အကောင်းဆုံးပါပဲ။ ကားနဲ့ ဆိုင်ကယ်နဲ့ အလယ်စခန်းအထိ တောက်လျှောက် တက်လို့ရတယ်လို့ လမ်းညွှန်လိုက်ပါတယ်။  တင့်စိုးဝေ(ထားဝယ်)



                                             Video-တင့်စိုးဝေ