Pages

Wednesday, October 17, 2012

တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ လက်ပံတောင်းတောင်တွင် ပြည်သူ့ညီလာခံပြုလုပ်မည်

တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်တွင် အောက်တိုဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် ပြည်သူ့ညီလာခံ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

" အဓိကဆွေးနွေးကြမှာကတော့ အသိမ်းခံရတဲ့လယ်ယာမြေကိစ္စတွေ၊ အဖျက်ခံရတဲ့ရွာတွေ၊ နောက်ပြီးကြေးနီစီမံကိန်းလုပ်တဲ့ ကုမ္ပဏီကနေ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေမှာ တိုင်းရင်းသားတွေနဲ့ ပတ်သက်လာမယ့် ကိစ္စတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးကြမယ်'' ဟု ဆွေးနွေးပွဲပြုလုပ်သူများတွင် ပါဝင်သည့် တိုင်းရင်းသားလူငယ်များကွန်ယက် သဘာပတိအဖွဲ့ဝင် ကိုစိုင်းကပြောပါသည်။

ညီလာခံကို လက်ပံတောင်းတောင် တောင်ခြေရှိ ဆည်တည်းကျေးရွာတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများဖြစ်သည့် ကရင်နီနှင့် ကယန်းလူငယ်အဖွဲ့၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးအမျိုးသားကွန်ဂရက်၊ ကိုးကန့် ဒီမိုကရက်တစ်ပါတီ စသည့်ပါတီများအပါအ၀င် ဒေသခံပြည်သူများနှင့် ကြေးနီတောင်စီမံကိန်းကြောင့် အသိမ်းခံရသော လယ်ယာမြေများ ပြန်လည်ရရှိရေးတွင် ကူညီခဲ့သော အဖွဲ့အစည်းများ ပါဝင်ဆွေးနွေးကြ မည်ဖြစ်ကြောင်း သိရသည်။