Pages

Tuesday, October 9, 2012

ထိုင်းနိုင်ငံ မဟာချိုင် ဘုန်းကြီးကျောင်းမှာ စာသင်ကြားနေကြတဲ့ မြန်မာကလေးတွေကို သွားရောက် တွေ့ဆုံခဲ့တဲ့ နေမင်း

 
နေမင်းက စက်တင်ဘာလ ၃ဝရက်နေ့ မှာတော့ မိခင်ဖြစ်သူကို သွားကြိုဖို့ အတွက် ဘန်ကောက်ကို ထွက်ခွာ သွားခဲ့ပြီး အောက်တိုဘာလ ၄ရက်နေ့မှာ မြန်မာနိုင်ငံကို မိခင်နဲ့အတူ ပြန်လည် ရောက်ရှိလာခဲ့ပြီး ဇာတ်တွေ ရိုက်ကူးနေပါတယ်။

 နေမင်းက မိခင်ဖြစ်သူကို ဘန်ကောက် မှာ သွားကြိုရင်းနဲ့ ဘန်ကောက်မှာ ရှိတဲ့ မဟာချိုင်၊ အယုဒ္ဓယက မြန်မာတွေ အလုပ်လုပ်တဲ့ စက်ရုံကိုလည်း သွားရောက်လေ့လာ ဖြစ်ခဲ့တယ်လို့ပြောတဲ့ နေမင်းက “အဓိကကတော့ မေမေနဲ့၊ ကြီးမေတို့ ဆေးခန်းပြတာကို သွားကြိုဖြစ်တယ်။

 ဟိုရောက်တော့ ကျွန်တော် ရဲ့အကျင့်က ကလေးတွေရှိတဲ့ နေရာမျိုး ဆိုရင် သွားချင်လာချင်တဲ့ စိတ်ရှိတယ်။

မဟာချိုင်လို နေရာမျိုး ဆိုရင်လည်း အမျိုးတွေ ကလာလည်စေချင်တယ် ဆိုတာကြောင့် မေမေနဲ့ သွားဖြစ်တယ်။ အဲဒီကိုရောက်တော့ ကျွန်တော် မထင်ထားတဲ့ မြန်မာနိုင်ငံက နေလာရောက် အလုပ် လုပ်နေကြတဲ့ သူတို့ရဲ့ သားသမီးလေးတွေ စာသင်နေကြတဲ့ ဘုန်းကြီးကျောင်း၊ သူတို့ အပြောအရတော့ ရှမ်းမွန်ကျောင်းလို့ လည်းပြောတယ်။ ဗမာဘုန်းကြီး တွေလည်း ရှိတယ်။ မြန်မာတော်တော်များများ လည်း အဲဒီဘုန်းကြီးကျောင်းကို ကိုးကွယ်ကြတယ်။ ပွဲတွေ ဘာတွေလည်း လုပ်ကြတယ်။

အဲဒီ ကျောင်းမှာ ယိုးဒယားက ဆရာ၊ ဆရာမတွေက စာသင်ပေးတယ်။ မြန်မာနိုင်ငံက လာပြီး အလုပ်လုပ်နေ သူတွေရဲ့ ကလေးလေးတွေကို စာသင်ပေးတဲ့ ကျောင်းဖြစ်ပြီး အကုန်လုံးကို လည်း အခမဲ့ သင်ကြားပေးတယ်။

အဲဒီကို အဓိကသွားပြီး လေ့လာဖြစ်တယ်” လို့ ပြောပါတယ်။ နေမင်းက မဟာချိုင်မှာ ဘုန်းကြီးတွေကို ဆွမ်းကပ်ဖြစ်ခဲ့ပြီး ဝတ္ထုငွေလည်း လှူဖြစ် ခဲ့ကြောင်း နေမင်းက ပြောပါတယ်။

လွင်လွင်ထွန်း  popularmyanmar.com