Pages

Tuesday, November 6, 2012

 ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ပေးရန် အစီအစဉ်ရှိသော်လည်း မည်သည့်အချိန်တွင် ထုတ်ဝေခွင့်ပေးမည်ကို ပြည်ထောင်စု အစိုးရအနေဖြင့် အတိအကျ ဆုံးဖြတ်ပေးနိုင်ခြင်း မရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

 Eleven Media Group
ပုဂ္ဂလိက သတင်းစာများကို ထုတ်ဝေခွင့်ပေးရန် အစီအစဉ်ရှိသော်လည်း မည်သည့်အချိန်တွင် ထုတ်ဝေခွင့် ပေးမည်ကို ပြည်ထောင်စု အစိုးရအနေဖြင့် အတိအကျ ဆုံးဖြတ်ပေးနိုင်ခြင်း မရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်က ပြောကြားခဲ့သည်။
နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်၏ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကသတင်း စာထုတ်ဝေခွင့်နှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြန်လည်ဖြေကြားရာ၌ ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“တော်လှန်ရေးကောင်စီခေတ်က ပင် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေအရ ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့် ပေးခဲ့သည်ကို ယင်းဥပဒေ တည်ဆဲကာလတွင်ပင် ပြည်ထောင် စုအစိုးရက ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့်ပြုပါမည်လား” ဟူသည့် မေးခွန်းကို ပြည်ထောင်စုဝန်ကြီးက ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ အာဏာတည်ဆဲ ကာလအတွင်းမှာပင် လွတ်လပ်သော ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့်ပေးရန် အစီအစဉ်ရှိပါကြောင်း၊ သို့ရာတွင် ပြောင်း လဲလာသော မီဒီယာ ရှုခင်းရှုကွက် များနှင့်သတင်းပညာ အဓိပ္ပာယ်ရှင်းလင်း ဖော်ပြချက်များအရ လွတ်လပ်သောပုဂ္ဂလိက သတင်းစာများ ကောင်းစွာ ရှင်သန်ပြီး တာရှည် တည်တံ့ခိုင်မြဲစေသော မီဒီယာပတ် ၀န်းကျင်အသစ်တစ်ရပ်ကို သက် ဆိုင်ရာ စာနယ်ဇင်း အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ ပြုစုပျိုး ထောင်လျက်ရှိကြောင်း၊ ကျင့်ဝတ် ဆိုင်ရာ အခြေခံမူများ ရေးဆွဲခြင်း၊ ကျင့်ဝတ်ဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ လုပ်ငန်းစဉ်များ သတ်မှတ်ခြင်း၊ ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းများ(Code of Ethic) ရေးဆွဲခြင်း၊ ကျင့်ဝတ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (Code of Conduct) ရေးဆွဲခြင်း၊ သတင်းစာနယ်ဇင်း အဖွဲ့အစည်းဆိုင်ရာ စံနှုန်းထားများ ရေးဆွဲခြင်း၊ ဥပဒေကြောင်းဆိုင်ရာ ကိစ္စရပ်များ ရေးဆွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ထိုသို့ ဖြေကြားချက်အပေါ် ဦးသိန်းညွန့်က ထပ်မံ၍ “ကျွန်တော် တို့နိုင်ငံက နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီမယ့် စာနယ်ဇင်း လွတ်လပ်ခွင့်ရှိပြီဆိုတာ ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့် ရသည်မရသည်အပေါ်မှာ တည်နေပါတယ်။ အဲဒါကြောင့် ၀န်ကြီးဖြေကြားခဲ့တဲ့ အခြေအနေ တစ်စုံတစ်ရာ၊ ကာလအားဖြင့် အကြမ်းဖျဉ်း ၂၀၁၃ ခုနှစ် မည့် သည့်အချိန်ပိုင်းလောက် ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့် ပေးနိုင်မည်ကို ခန့်မှန်းဆိုပေမယ့် တိတိကျကျ ဖြေဆိုပေးပါ”ဟု ထပ်မံမေးမြန်းခဲ့သည်။
ထိုသို့ ထပ်မံမေးမြန်းချက်ကို ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည် က “အခု ကျွန်တော်တို့အနေနဲ့ ဒီမီဒီယာ environment ကို ပြုပြင် လုပ်ဆောင်နေတဲ့နေရာမှာ press council အပါအ၀င် ကျန်တဲ့အဖွဲ့ အစည်းအားလုံး ခုနက ကျွန်တော် တင်ပြခဲ့တဲ့ constitution တွေကို ဘယ်လောက်အထိ စောလျဉ်စွာ ဆောင်ရွက်ပေးနိုင်မလဲဆိုတဲ့ အချက်ပေါ်မှာ အဓိကတည်နေတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ပြည်ထောင်စု အစိုးရအနေနဲ့ ဘယ်နေ့၊ ဘယ်ရက်ဆိုတာ အဆုံးအဖြတ်ပေးနိုင်တဲ့ အခြေအနေမှာ မရှိပါကြောင်း တင်ပြအပ်ပါသည်”ဟု ပြန်လည် ဖြေကြားခဲ့သည်။

ပုဂ္ဂလိကသတင်းစာများ မည်သည့်အချိန်တွင် ထုတ်ဝေခွင့်ပေးမည်ဟု အတိအကျမဆုံးဖြတ်နိုင်ကြောင်း ပြန်ကြားရေးပြည်ထောင်စုဝန်ကြီး၏ ဖြေကြားချက်အပေါ် အမြင်များ
“လွန်ခဲ့တဲ့ နှစ်လကပဲ ပြန်ကြားရေးဝန်ကြီးက ပုဂ္ဂလိက သတင်းစာကို နှစ်ဆန်းမှာ ခွင့်ပြုသွားမယ်လို့ပြောတာကို တစ်နိုင်ငံလုံးသာမက နိုင်ငံတကာကပါ သိထားတယ်။ မီဒီယာနဲ့ပတ်သက်ပြီး အစိုးရရဲ့သဘောထားက ရှင်းရှင်းလင်းမရှိဘူး။ မရိုးသားဘူး။ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ဖိနှိပ်တာ၊ ထိန်းချုပ်တာဟာ စစ်မှန်တဲ့ ဒီမိုကရေစီကို ကျင့်သုံးဖို့ စိတ်ကူးမရှိတာဖြစ်ပါ တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့စိတ်ကူးမရှိတာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့စိတ်ကူးမရှိတာပဲဖြစ်ပါတယ်။ (KIO နဲ့ ဆွေးနွေးပွဲမှာလည်း ဒီမေး ခွန်းပဲမေးခံရမှာပါ) ဒီနှစ်ချက် အခြေခံမရှိဘူးဆိုရင် တိုင်းပြည်ဟာ နောက်ပြန်သွားလိမ့်မယ်။ ငြိမ်းချမ်းရေးလည်း ဘယ်တော့မှ မရနိုင်ဘူး။ အစိုးရကိုလည်း ဘယ်သူမှ ယုံကြည်ကြမှာမဟုတ်ဘူး။”
“၁၉၆၂ ဥပဒေကိုလည်း မဖျက်သေးဘူး။ ပုဂ္ဂလိက သတင်းစာထုတ်ဖို့ကိုလည်း ဝေ့လည်ကြောင်ပတ် လုပ်နေတယ်။ ရုပ်မြင်သံကြားမှာလည်း ခရိုနီကုမ္ပဏီတွေကိုပဲ လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ပေးထားတယ်။ အစိုးရမှာ Freedom of Press အတွက် အဖြေမရှိဘူး။ တစ်နည်းဆိုရင် ဒီမိုကရေစီအတွက် အာမခံချက် မပေးနိုင်သေးဘူး။
စင်ကာပူမှာလို မီဒီယာကို အစိုးရက ငွေကြေးအင်အား၊ ဥပဒေနဲ့ ထိန်းချုပ်ပြီး မိုနိုပိုလီလုပ်ဖို့လုပ်နေ တယ်။ စင်ကာပူ၊ မလေးရှား၊ ကမ္ဘော ဒီးယားလိုမျိုး သတင်းမီဒီယာကိုထိန်း ချုပ်ဖို့ ကြိုးစားနေတဲ့ အစိုးရဟာ ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီအစိုးရ မဖြစ်နိုင်ဘူး။
ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြန်ကြားရေးဝန်ကြီးက စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီလို့ သုံးနှုန်းခဲ့ပါတယ်။ ဒါရဲ့အဓိပ္ပာယ်ဟာ ဒီမိုကရေစီ အရေခြုံထားတဲ့ အာဏာရှင်စနစ်ဆိုတာကော တာဝန်ရှိတဲ့ လူတွေ နားလည်သလားလို့ မေးချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူတို့လို တစ်ပါတီတည်းက အာဏာထိန်းချုပ် အတိုက်အခံကို အလုပ်ဖြစ်ရုံ အချိုသတ်ပေါင်း၊ သတင်းမီဒီယာကို လက်ဝါးကြီးအုပ်လုပ်ထားတဲ့ အရေခြုံဒီမိုကရေစီမျိုး မလိုလားဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။”
ဒေါက်တာသန်းထွဋ်အောင် Eleven Media Group

ကျွန်တော်တို့သတင်းစာ ထုတ်မယ့်သူတွေအားလုံးက ထုတ်ခွင့်ရမယ့်အချိန်မှာ ထုတ်နိုင်အောင် အားလုံး ပြင်ဆင်နေကြတာပါ။ ထုတ်ဝေခွင့်ပေးမယ့် အကြမ်းဖျဉ်း အချိန်လေး သိရရင်တော့ ပိုကောင်းတာပေါ့ဗျာ။ ဒီလိုသိရရင် မြန်မြန်ပြင်ဆင်ရမှာတွေ မြန်မြန်ပြင်လို့ရတာပေါ့။ ပုဂ္ဂလိက သတင်းစာတွေကိုတတ်နိုင်သမျှ အမြန်ဆုံးချပေးနိုင်ရင် ကောင်းတာပေါ့။ အဲဒီအခါကျတော့မှပဲ ကျွန်တော်တို့  မီဒီယာအခန်းကဏ္ဍက နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ပိုပြီး မြန်မြန်ဆန်ဆန် ထမ်းဆောင်နိုင်မှာပါ။ အခုတော့ weekly အနေနဲ့ပဲ ထမ်းဆောင်နေရတယ်။ ပိုပြီးတော့နိုင်ငံအတွက် အကျိုးရှိဖို့ ကတော့ နေ့စဉ်သတင်းထုတ်ဝေခွင့် မြန်မြန်လေးကျပေးရင်တော့ ထုတ်ဝေနိုင်တဲ့သူတွေအတွက် နိုင်ငံအကျိုးပြု ဖို့ ပိုပြီးတော့ အခြေအနေပေးလာလိမ့်မယ်။ အစိုးရပိုင်းမှာလည်း မီဒီယာကိုသုံးပြီး အကူအညီယူပြီး မူဝါဒရည်မှန်းချက်တွေ ပေါက်မြောက်အောင် လုပ်လာတာတွေ့ရတယ်။ ဥပမာပြောရရင် မှောင်ခိုပပျောက်အောင် မီဒီယာသမားတွေထည့်မယ် ဆိုတာတို့ လုပ်လာတယ်။ ဒီလိုမျိုး သဘောပေါက်လာတာ တော်တော်ကောင်းတဲ့ လက္ခဏာပေါ့။ အဲဒီလိုမျိုးကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့ဆိုရင်တော့ ပုဂ္ဂလိက နေ့စဉ် သတင်းစာ မြန်မြန်ထုတ်နိုင်ရင် ပိုကောင်းတာပေါ့။ အခုတော့ သတင်းစာထုတ်ဖို့ကိုမှန်းပြီး ပြင်နေရတော့ Tempo ကို ဘယ်အချိန်တင်ရမလဲ မတင်ရဘူးလဲ မသိတဲ့အခါကျတော့ ကျွန်တော်တို့အတွက် စနစ်တကျ မပြင်နိုင်ဘူး ဖြစ်နေတာပေါ့။ အချိန်ကာလတစ်ခုကို အတိအကျ ဒါမှမဟုတ် အကြမ်းဖျဉ်းသိရရင်တော့ ကျွန်တော်တို့အတွက် ပိုကောင်းပါတယ်။
ဇေယျသူ (တာဝန်ခံအယ်ဒီတာ၊ The Voice Weekly)

ပြန်ကြားရေးဝန်ကြီးက ပြောထားတဲ့အတွက် ယုံယုံကြည်ကြည်နဲ့ ကြိုဆိုခဲ့ကြပါတယ်။ အခုလိုမျိုး ရှေ့နောက် မညီတဲ့စကားကို လွှတ်တော်မှာပြောခဲ့တဲ့အတွက် (၁) အရမ်းအံ့သြမိတယ် (၂) ၀န်ကြီးဌာနတစ်ခုရဲ့အကြီးဆုံး ဖြစ်တဲ့ ၀န်ကြီးတစ်ဦးအနေနဲ့ ဒီစကားမျိုးပြောခဲ့တဲ့အခါ နောက်ဆိုရင် နယ်ပယ်အသီးသီးက ၀န်ကြီးတွေရဲ့ပြောစကားတွေ အပေါ်မှာလည်း ယုံကြည်မှုထားနိုင်ကြတော့မှာ မဟုတ်ဘူး။
ဦးဇော်သက်ထွေး ( မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ))

ပုဂ္ဂလိကသတင်းစာတွေ ပေးမယ်ဆိုပြီး လုပ်လာတာ တစ်နှစ်ခွဲကျော်သွားပြီ။ ဘာကြောင့် ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်ပေးဖို့ စိုးရိမ်နေကြတာလဲ။ အခုမြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ အရွေ့တွေအများကြီးပဲ။ ဒီ သတင်းစာထုတ်ဝေခွင့်နဲ့ ပတ်သက်တဲ့အရွေ့က မရွေ့သေးတာမကောင်းဘူး။ အစိုးရအနေနဲ့ ပြတ်ပြတ်သားသားမဆုံး ဖြတ်နိုင်ဘူး။ စိုးရိမ်ကြောင့်ကြမှုတွေများနေတယ်လို့ထင်တယ်။
ဒေါ်အေးအေးဝင်း(အေပီသတင်းဌာန)

သတင်းစာထုတ်ချင်တဲ့ ဂျာနယ်တွေအားလုံးကို ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က သတင်းစာထုတ်ဝေခွင့်ကို ၂၀၁၃ ခုနှစ် နှစ်ဆန်းလောက်မှာ ပေးမယ်လို့ ပြောတယ်လို့ပဲ ကျွန်တော် မှတ်မိထားတာပါ။ အဲဒီပေါ်မှာမူတည်ပြီး တော့ ဂျာနယ်တိုက်တွေက အလုပ် ခေါ်တာ၊ အခြားပြင်ဆင်တာတွေ၊ ရင်းနှီးမြှုပ်နှံတာတွေ ကြိုလုပ်ထား ကြတာပါ။ သူလွှတ်တော်မှာပြော တဲ့စကားအရဆိုရင် ကျွန်တော်တို့ ဂျာနယ်တွေ နစ်နာမှုအများကြီး ရှိပါတယ်။ နောက်ပြီး ဒီမိုကရေစီဖော်ဆောင်တဲ့ အစိုးရအနေနဲ့ ဘာဖြစ်လို့ သတင်းစာမပေးနိုင်တာလဲဆိုတာ အံ့သြမိပါတယ်။ တကယ့် ဒီမိုကရေစီ နိုင်ငံတွေမှာ ပြည်သူ့ဘဏ္ဍာနဲ့ ထုတ်ဝေတဲ့ သတင်းစာဆိုတာ မရှိပါဘူး။ အခု ဆိုရင် စတုတ္ထမဏ္ဍိုင်ကို တာဝန်ယူပေးမယ့် မီဒီယာတွေ အခိုင်အမာ ရှိနေပေမယ့်ဘာလို့ ထုတ်ဝေခွင့် မပေးတာလဲဆိုတာ စဉ်းစားမရပါဘူး။
ကိုသူရအောင်(တာဝန်ခံအယ်ဒီတာ- Messenger သတင်းဂျာနယ်)

သတင်းစာသမားကတော့ သတင်းစာမျှော်တာပေါ့လေ။ ကျွန်တော်တို့မှန်းထားတာ ကြားနေတာက လာမယ့်နှစ် ဧပြီ၊ မေလောက် ကြားနေတာပါ။ တကယ်တမ်းဆို သူ့လို ပြန်ကြားရေးဝန်ကြီးဌာနမှာ အကြီးဆုံးလူ ကိုယ်တိုင်က မပြောနိုင်ဘူးဆိုတော့ ကိုယ်ကိုင်တဲ့ဌာနနဲ့ ပတ်သတ်ပြီး မပြောနိုင်ဘူးလား ဆိုတာ ပြန်မေးရမလိုတောင် ဖြစ်နေတယ်။ တာဝန်ယူမှု တာဝန်ခံမှု နည်းတယ်လို့ ပြောရမယ်။ တိတိကျကျ အချိန်အတိုင်းအတာ တစ်ခုခုကို တာဝန်ယူနိုင်တဲ့စကားမျိုး ဖြစ်သင့်ပါတယ်။
ဦးသောင်းထိုက်(True News ဂျာနယ်၊ CEO)
အခုဟာက ရှင်းရှင်းပြောရရင် ကျွန်တော့်အယူအဆကတော့ အစိုးရ သတင်းစာဆိုတာက ကျွန်တော်က အယုံအကြည် မရှိဘူးဗျ။ ပုဂ္ဂလိက သတင်းစာရှိရမယ်။ ပုဂ္ဂလိက သတင်းစာ ထွက်ရမယ်။ ကျွန်တော် မှတ်မိသလောက်ဆိုရင် ကျွန်တော်တို့ ငယ်ငယ်တုန်းက ၁၉၅၀ ပတ်ဝန်းကျင်တုန်းက မြန်မာပြည်မှာ တရုတ်သတင်းစာရော၊ ကုလားသတင်းစာရော၊ အင်္ဂလိပ် သတင်းစာရော၊ ဗမာသတင်းစာရော အားလုံး ရန်ကုန်မြို့မှာ ထွက်တာ။ ကျွန်တော်တို့ကတော့ ပုဂ္ဂလိက သတင်းစာတွေ ရှိစေချင်တယ်။ ပုဂ္ဂလိက သတင်းစာတွေ ရှိခြင်းအားဖြင့် မတူကွဲပြားတဲ့ အယူအဆတွေ ရေးသားဖော်ပြတဲ့ ပြည်သူ့ရဲ့ သဘောထားတွေ ရွေးချယ်ပြီး ဖတ်လိမ့်မယ်။ ဘာပဲပြောပြော ပုဂ္ဂလိက ဂျာနယ်တွေ အများကြီး ထွက်လာတဲ့အခါကျတော့ ကျွန်တော်တို့  က မတူကွဲပြားတဲ့ ပွင့်ပွင့်လင်းလင်းဖော်ပြမှုတွေကို တွေ့လာရတယ်။ အဲဒီတော့ ကျွန်တော်တို့က ပုဂ္ဂလိက သတင်းစာတွေ ထွက်စေချင်တယ်။
အဲဒီထဲမှာ နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက ဘာလဲဆိုတော့ သူတို့ခေါ်တဲ့ စကားရှိပါတယ်။ ပြည်သူ့အကျိုးပြု ၀န်ဆောင်မှု မီဒီယာ ရှိဖို့ကောင်းတယ် ဆိုတဲ့ သဘောထားရှိတဲ့ အခါကျတော့ ကျွန်တော်တို့က ကြိုဆိုတယ်။ အဲတာ မျိုးဖြစ်ရမှာပေါ့။ ပြည်သူ့အကျိုးပြု ၀န်ဆောင်မှု မီဒီယာဆိုတာ ကျွန်တော် ကတော့ အစိုးရသတင်းစာတွေ ပြောင်းမယ့်ဟာလောက်နဲ့တင် မပြီးဘူး။ အဲဒီဟာက အသက်ရှင်နိုင်အောင်၊ လှုပ်ရှားနိုင်အောင် ပုဂ္ဂလိက မီဒီယာ အားလုံးကလည်း ပြည်သူ့အကျိုးပြုဝန်ဆောင်မှု မီဒီယာဖြစ်အောင် လမ်းတွေဖွင့် ပေးရမယ်။ နည်းဥပဒေတွေ ပြောင်းပစ်ရမယ်။ ဥပဒေတွေ ပြင်ဆင်ပေးရမယ်။ ပယ်ဖျက်ပေးရမယ်။ အဲလိုပဲ ကျွန်တော်က သဘောထားတယ်။ ဒါက တစ်ပိုင်းပေါ့။ နောက်တစ်ခုက ဘာလဲဆိုတော့ ပုဂ္ဂလိကသတင်းစာတွေ ထုတ် နေတာနဲ့ပတ်သက်ပြီးတော့ အစိုးရဟာ ၀န်ကြီးဌာနဟောင်းတုန်းကလည်း မျိုးစုံပြောတယ်။ အခုဝန်ကြီးအသစ် ရောက်လာတော့လည်း စကားက အခုထိ မမှန်ဘူး။ ကျွန်တော်တို့ သိသလောက်တော့ ပုဂ္ဂလိက သတင်းစာတွေဟာ ၂၀၁၃ခုနှစ် နှစ်ဆန်းပိုင်းမှာ ထွက်နိုင်တယ်လို့ တစ်နေရာမှာ ပြောတယ်။ တစ်နေရာမှာကျတော့ မထွက်နိုင်သေးဘူးလို့ ပြောတယ်။ လွှတ်တော်ထဲကျ တော့ ဘယ်တော့ ထုတ်ဝေနိုင်မယ်ဆိုတာ မသိဘူးဆိုတာ ပြောတယ်။ ဘယ်လိုပဲ ပြောပြော သူတို့ထဲမှာ အခုကြားနေတဲ့ ဟာကတော့ ဘယ်သူကတော့ သတင်းစာတွေရပြီ၊ ဘယ်သူ့ကို ပေးမယ်ဆိုတာ ဖြစ်နေတဲ့အခါကျတော့ ပုဂ္ဂလိက သတင်းစာထုတ်ဖို့ လိုတယ်။ ဖြစ်နိုင်ရင် အစိုးရသတင်းစာတွေ ရှိ ဖို့ကို မကောင်းဘူး။ ကြေးမုံတို့၊ မြန်မာ့အလင်းတို့ဆိုတာ အရင်တုန်းက ပုဂ္ဂလိကပိုင်တွေ အဲတာတွေ အကုန်လုံးကို ပုဂ္ဂလိက လက်ထဲ လွှဲပြောင်းပေးဖို့ သင့်တယ်လို့ ကျွန်တော်ထင်တယ်။ နောက်တစ်ခုက ပုဂ္ဂလိက သတင်းစာတွေ အများကြီးပေါ်ထွက်လာဖို့ ကိစ္စနဲ့ ပတ်သက်လာလို့ ဆိုရင် သေချာကို လုပ်နိုင်တဲ့သူတွေကို စိစစ်ပြီးပေးဖို့ လိုသလို အရပ်ထဲမှာ သတင်းဖြစ်နေ တဲ့ လက်သင့်ရာကို ခေါ်ပြီးတော့ ဘယ်သူတွေက ပုဂ္ဂလိက သတင်းစာ ရ တော့မယ်၊ အဲတာအတွက် ၀န်ထမ်းတွေခေါ်နေပြီ။ ပြင်ဆင်နေပြီဆိုတာတွေ ကြားတဲ့အခါ ဒါဟာ မသင့်တော်ဘူးလို့ ကျွန်တော်ထင်တယ်ဗျ။ ပုဂ္ဂလိက သတင်းစာတွေဖြစ်ဖို့ကိုတော့ ကျွန်တော်က လုံးဝကို လိုလားတယ်။ ဖြစ်ဖို့ ကောင်းတယ်။ ဖြစ်ဖို့ကောင်းတယ် ဆိုတဲ့နေရာမှာ ကြေးမုံတို့ မြန်မာ့အလင်းတို့ကိုတောင် ပုဂ္ဂလိကကို လွှဲပြောင်းပေးရမယ်။ ကျွန်တော့် အယူအဆကတော့ ဒါပါပဲ။ ပုဂ္ဂလိက သတင်းစာတွေ ပေါ်ကိုပေါ်ရမယ်။ အစိုးရသတင်းစာတွေ မရှိသင့်ဘူး။
ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်

ရှေ့နောက်မညီတဲ့ သဘောတွေပေါ့။ လုပ်တဲ့ကိုင်တဲ့နေရာမှာ အစိုးရ အဖွဲ့မှာ တစ်ယောက်နဲ့တစ်ယောက် ရှေ့နောက်မညီ မသိတာတွေကို လုပ်နေတယ်ပေါ့ဗျာ။ အဖွဲ့ရဲ့ ညီညွတ်မှုမရှိဘူးဆိုတဲ့ သဘောကို၊ တစ်ဦးချင်းလုပ်ချင် တာလုပ်တဲ့ သဘောကို ဖော်ပြနေတဲ့ သဘောပေါ့ဗျာ။ အခုပြန်ကြားရေးဝန်ကြီးကတော့ စာနယ်ဇင်းသမားတွေနဲ့ အစေးကပ်တယ်လို့ ထင်ရတာပဲလေ။ စာနယ်ဇင်းသမားတွေကို တန်ဖိုးထားတာကို ပြောတဲ့ သဘောတော့ ရှိတာ ပေါ့။ ပုဂ္ဂလိက သတင်းစာထုတ်ဖို့ ဆိုတာကတော့ အစိုးရအဖွဲ့ကနေပြီးတော့ စဉ်းစားထားတဲ့ ကိစ္စပေါ့ဗျာ။ ဒါပေမဲ့ ၂၀၁၃မှာ ဖြစ်မလား၂၀၁၄ မှာဖြစ်မလား ဆိုတာတွေကတော့ ဒါကတော့ အာဏာပိုင်အဖွဲ့အစည်း ကတ်ဘိနက်အနေနဲ့ ဆုံးဖြတ်ရမယ့် ကိစ္စဆိုတော့ သူတို့ ဘယ်လိုလုပ်မယ်ဆိုတာ မသိဘူးပေါ့ဗျာ။ ဒါပေမဲ့ ပြန်ကြားရေးဝန်ကြီးရဲ့ ဆန္ဒဆိုတာ ပြောတဲ့အခါ သူတစ်ယောက်တည်း သဘောဖြစ်သွားတာပေါ့။
ဝါရင့်သတင်းစာဆရာကြီး ဦးသာဘန်း

ပြန်ကြာရေးဝန်ကြီး ပြောခဲ့တဲ့ အတိုင်းပါပဲ။ ကျွန်တော်တို့က ကျင့်ဝတ်တွေဘာတွေ ပြဌာန်းဖို့၊ ထုတ်ပြန်ဖို့ ရှိတယ်လေ။ ကျင့်ဝတ်တွေ ဘာတွေ ထုတ်ပြန်ပြီးလို့ ဥပဒေကြမ်းထွက်လာပြီးရင်တော့ (ပုဂ္ဂလိကသတင်းစာတွေ) သူပေးမယ် ထင်ပါတယ်။ ကျွန်တော်တို့ကိုလည်း သူဘာမှ အတိအကျ မပြောါဘူး။ ပုဂ္ဂလိက သတင်းစာတွေ ထုတ်တာ အကောင်းဆုံးပေါ့ဗျာ။ ကျွန်တော်တို့ကတော့ မြန်မြန်ထွက်လေ ကောင်းလေပါပဲ။ ကျွန်တော်ကတော့ ဒီနှစ်ကုန်၊ နှစ်ဆန်းပိုင်းလောက် ပေါ့လေ။ ကျွန်တော်တို့ကလည်း ကျင့်ဝတ်တွေ မူကြမ်းတွေ တင်ပြဖို့ ရှိတယ်။ ကျွန်တော်တို့ကတော့ သတင်းစာမြန်မြန် ထုတ်ခွင့် ရလေ သတင်းစာများများထွက်လေ လူထုက များများသိလေဆိုတဲ့ သဘောပဲရှိပါတယ်။
ဦးခင်မောင်အေး(မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) ဥက္ကဋ္ဌ)