Pages

Friday, November 9, 2012

စီးပွားရေးဖွံ့ဖြိုးမှုအကြောင်း ဟောပြောရန်အတွက် မြန်မာနိုင်ငံသို့ ထပ်မံလာရောက်ရန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အား သမ္မတဦးသိန်းစိန်ဖိတ်ကြား

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာနှင့် နေပြည်တော်၌ နိုဝင်ဘာလ ၈ ရက်က တွေ့ဆုံစဉ် စီးပွားရေးဖွံ့ဖြိုးမှုအကြောင်း ဟောပြောရန်အတွက် မြန်မာနိုင်ငံသို့ ထပ်မံလာရောက်ရန် ဖိတ်ခေါ်ခဲ့သည်ဟု သက်ဆင်၏ ဥပဒေအကြံပေးက ပြောကြားလိုက်ကြောင်း The Nation သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။
သမ္မတဦးသိန်းစိန်က သက်ဆင်အနေဖြင့် မြန်မာနိုင်ငံသို့ ထပ်မံလာရောက်ကာ စီးပွားရေးဖွံ့ဖြိုးမှု ခေါင်းစဉ်ဖြင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများအကြောင်း ဟောပြောရန် ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က မြန်မာနိုင်ငံသမ္မတထံ ယဉ်ကျေးမှုမပျက် လာရောက်လည်ပတ်ခဲ့ပြီး ၎င်းတို့နှစ်ဦးမှာ သက်ဆင် အာဏာရှိစဉ်ကတည်းက ရင်းနှီးမှုရှိခဲ့သည်ဟု သက်ဆင်၏ ဥပဒေအကြံပေး နောပါဒွန်ပတ်တမာက ဆိုသည်။
“သက်ဆင်က ဒီမိုကရေစီအတွက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ချီးကျူးလိုက်ပြီး အဆိုပါပြောင်းလဲမှုက နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ရရှိလိုက်သလို အနောက်နိုင်ငံတွေကလည်း စီးပွားရေးပိတ်ဆို့မှုတွေကိုလည်း ဖြေလျှော့လိုက်ပါတယ်” ဟု နော်ပါဒွန်က ၎င်း၏ Facebook စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။
သက်ဆင် မြန်မာနိုင်ငံသို့ လာရောက်ဟောပြောမည့်နေ့ကို နောင်တွင် သတ်မှတ်အတည်ပြုသွားမည်ဟု သိရသည်။
ဦးသိန်းစိန်နှင့် သက်ဆင်တို့ နှစ်ဦး တွေ့ဆုံခဲ့စဉ်တွင် အာဆီယံ၏ အနာဂတ်အကြောင်း အပါအ၀င် ဒေသတွင်း ကိစ္စရပ်များစွာကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
သက်ဆင်က ၎င်းကိုထောက်ခံသူ ထိုင်းနိုင်ငံ၏ ရှပ်နီများနှင့် မြန်မာနိုင်ငံ၏ နယ်စပ်မြို့ တာချီလိတ်တွင် တွေ့ဆုံရန်အစီအစဉ်ကိုမူ ၎င်းကိုလုပ်ကြံရန် ကြံစည်မှုရှိသည်ဟု သတင်းထွက်ပေါ်ခဲ့သဖြင့် ဖျက်သိမ်းခဲ့သည်။ မြန်မာဘက်ကမူ အဆိုပါ ကြံစည်မှုဖြစ်ပေါ်ခဲ့ခြင်း မရှိဘဲ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် လက်နက်ဖမ်းဆီးမိခြင်းသာ ဖြစ်ကြောင်း ငြင်းဆိုခဲ့သည်။
  Eleven Media Group