Pages

Friday, November 23, 2012

မောင်တော အကြမ်းဖက် ဆူပူမူ ဦးဆောင်သူ အဖြစ် စွပ်စွဲ ဖမ်းဆီးခံရသူ ထောင် ၁၂ နှစ် ချမှတ် ခံရ

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော အကြမ်းဖက် ဆူပူမူကို ဦးဆောင်သူဟု စွပ်စွဲ ဖမ်းဆီးခံထားရသူ  ဒေါက်တာ ထွန်းအောင် (ခေါ်) နုရ်ဟောက်ကို နိုဝင်္ဘာလ ၂၁ ရက်နေ့က ထောင် (၁၂) နှစ် ချမှတ်လိုက်သည်ဟု သတင်း ရရှိသည်။
မောင်တောတွင် ယခုလို ဆူပူ အကြမ်းဖက်မူများ ပေါ်ပေါက်ခဲ့သည်။
အဆိုပါ သတင်း ရရှိပြီး နောက် နိရဉ္စရာမှ ရှေ့နေမကြီး ဒေါ်အေးနုစိန်အား ဆက်သွယ်မေးမြန်းရာ  “ ဟိုတစ်နေ့ကတည်းက ချလိုက်တာပါ။ နှစ်တော်တော်များ ချုလိုက်ပါတယ်” ဟုပြောဆိုသည်။
ဒေါက်တာ ထွန်းအောင် ထောင် ၁၂ နှစ် ချမှတ်ခံရကြောင်းကို ပြည်တွင်း ရခိုင် သတင်းဌာန (၂) ခု ဖြစ်သော The Coral Arakan နှင့် The Rakhine Straight Views တို့တွင်လည်း ဖေါ်ပြသည်။
ဒေါက်တာ ထွန်းအောင်အား ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ-၆(၁)အရ အလုပ်နှင့် ထောင်ဒဏ် ၁ နှစ်၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှုကို ပျက်ပြားစေသော အမူနှင့်  အလုပ်နှင့် ထောင်ဒဏ် ၄ နှစ်၊ အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ-၅(ည) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် -  စုစုပေါင်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၂ နှစ်ကို သီးခြားစီ ထပ်မံကျခံစေရန် စစ်တွေ ခရိုင် တရားရုံးက စီရင်ချက် ချလိုက်သည်ဟု ဆိုသည်။
ဒေါက်တာ ထွန်းအောင် အနေဖြင့် တရားရုံးတွင် အမှုအတွက် ရှေ့နေ မရှိသဖြင့် ၎င်းကိုယ်တိုင် အမူကို ပြန်လည် ချေပ လျှောက်လဲခဲ့ရသည်ဟု The Rakhine Straight Views က ဖေါ်ပြသည်။
ဒေါက်တာထွန်းအောင်ကို သြဂုတ်လကုန်ပိုင်းကလည်း  နိုင်ငံခြားငွေ တရားမ၀င် ကိုင်ဆောင် လဲလှယ်မူနှင့် ပတ်သက်ပြီး ထောင်ဒဏ် ၃ နှစ်ကျခံစေရန် စစ်တွေခရိုင် တရားရုံး က အမိန့် ချမှတ်ခဲ့ကြောင်း  ဆက်လက် ဖေါ်ပြသည်။
ဒေါက်တာ ထွန်းအောင်အား အာဏာပိုင်များမှ အမှု ၅ မှုဖြင့်  စွဲချက်တင်ခဲ့ကြောင်း သိရသည်။ ထိုအထဲတွင်  ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၄၆၈ ၊ ၄၂၀ – မှတ်ပုံတင်အတု ပြုလုပ်သည် ဆိုသော ပြစ်မှုမှာ မထင်ရှား သဖြင့် ပလပ်ခဲ့သည်ဟု သိရသည်။
ဒေါက်တာထွန်းအောင်အား မောင်တော ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားပြီး ဇွန်လ ၁၁ ရက်နေ့တွင်  မောင်တောမြို့ ကုလသမဂ္ဂ UNHCR ရုံးခွဲမှာ ခိုလှုံနေစဉ် ဒေသဆိုင်ရာ အာဏာပိုင်များက မောင်တောမြို့ အကြမ်းဖက် တိုက်ခိုက်မှုနှင့် ဆက်စပ်ကာ ဖမ်းဆီးခဲ့သည်။
ဒေါက်တာ ထွန်းအောင်သည် ဇွန်လ ၈ ရက်နေ့က မည်သည့် ပြဿနာမှ မပေါ်ပေါက်စေရပါဟု အာမခံကာ မောင်တောမြို့ ဗလီတွင် ငြိမ်းချမ်းစွာ ဆုတောင်းပွဲ လုပ်ရန် ယခင် နစက တပ်ဖွဲ့ တာဝန်ခံ ဗိုလ်မှူးကြီး အောင်ကြီးထံမှ ခွင့်တောင်းခဲ့သည်။
သို့သော် ဆုတောင်းပွဲ အပြီးတွင် ဗလီတွင်းမှ ထွက်လာသော လူအုပ်ကြီးက ရခိုင်နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဈေးဆိုင်များကို စတင် တိုက်ခိုက်ရာမှ ဆူပူ အကြမ်းဖက် ဖြစ်ပွားကာ ရခိုင်ကျေးရွာ တစ်ဆယ်ကျော် မီးရှို့ခံခဲ့ရပြီး အပြစ်မဲ့ ရခိုင် အမျိုးသား အမျိုးသမီး ၁၀ ကျော် သေဆုံးခဲ့ရသည်။
ယင်းနောက်ပိုင်းတွင် ဆူပူ အကြမ်းဖက်မူသည် ရခိုင်တပြည်နယ်လုံးသို့ ကူးစက် ပျံ့နှံ့သွားခဲ့သည်။
နိရဉ္စရာ