Pages

Wednesday, November 21, 2012

 ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများတွင် ခိုးဝင်လာသူနှင့် မူလနေထိုင်သူကို စစ်ဆေးနေဆဲဖြစ်ပြီး ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု နယ်စပ်ရေးရာဝန်ကြီးပြောကြား

thn-21-11-12-5
ရခိုင်ပြည်နယ်အတွင်း ရောက်ရှိနေသော ဘင်္ဂါလီများတွင် မူလနေထိုင်သူနှင့် ခိုးဝင်လာသူကို  ကွဲပြားစေရန် စစ်ဆေးနေဆဲဖြစ်ပြီး စစ်ဆေးပြီးပါက ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက နိုဝင်ဘာ ၂၁ရက်နေ့က ပြည်တွင်း၊ ပြည်ပ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
၎င်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သောပြဿနာများနှင့် ပတ်သတ်၍ အဖြေရှာရာတွင် ခိုးဝင်လာသူများမှာ အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံသားဖြစ်သွားခြင်း၊ မှတ်ပုံတင်ရသွားခြင်း၊ ပြည်မထဲကို ခိုးဝင်သွားခြင်းများကို ရခိုင်များအနေနှင့် အထောက်အထားနှင့်တကွ သိရှိထားပြီး ၎င်းခိုးဝင်လာသူများကြောင့် ရခိုင် ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ  ပျောက်ဆုံးသွားမည်ကို ရခိုင်တိုင်းရင်းသားများဘက်မှ စိုးရိမ်မှုများရှိနေသလို ဘင်္ဂါလီများဘက်မှလည်း ဘိုးဘေးများလက်ထက်ကတည်းက နေထိုင်လာသူများကိုပါ ရခိုင်များက ခိုးဝင်လာသူဟု သံသယရှိနေသည်ဟု ပြောကြားကြသည်ကို တွေ့ရသည်ဟု ဆိုသည်။
'' ဘင်္ဂါလီတွေကို စစ်ဆေးရာမှာ လူဝင်မှုကြီးကြပ်ရေးက ၀န်ထမ်းတွေသာမက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေ၊ မြို့မိမြို့ဘတွေသာမကပဲ နှစ်ဘက် လူမှုအဖွဲ့အစည်းက လေးစား လောက်ဖွယ်ရာလူတွေပါ စစ်ဆေးရင် လက်ခံမယ်ဆိုတာကြောင့် စစ်ဆေးခဲ့တယ်။ ဒီလိုမစစ်ဆေးရင် နှစ်ဘက်သံသယစိတ်ကြောင့် အန္တရာယ်ကြီးပါတယ်။စစ်ဆေးပြီးရင် ၁၉၈၂ ဥပဒေအတိုင်းပဲ ဖြစ်မှာဖြစ်ပါတယ်''ဟု ၀န်ကြီးကပြောသည်။
ထိုသို့ နိုင်ငံသားဥပဒေအတိုင်း ဆောင်ရွက်ရာတွင် စစ်ဆေးဆဲသာ ဖြစ်သဖြင့် တိကျစွာပြောကြား၍ မဖြစ်နိုင်ဘဲ နေထိုင်သူများ၏ တတိယမျိုးဆက်ရောက်မှသာ နိုင်ငံသား ဖြစ်ခွင့်ရှိမည်ဟု သိရသည်။
'' အခုရခိုင်ဒေသမှာ စာရင်း လိုက်ကောက်နေတာမှာ ဘင်္ဂါလီ ထောင်ပေါင်းများစွာ ရှိတာမှာ ရာဂဏန်းအနည်းငယ်ကပဲ ရိုဟင်ဂျာ ဖြစ်တယ်လို့ပြောပြီး ဘင်္ဂါလီဖြစ်တာကို ငြင်းဆိုတာပါ။ အဖေ ဘင်္ဂါလီ၊ အမေ ဘင်္ဂါလီ၊ သားသမီးကျမှ ရိုဟင်ဂျာဆိုပြီး ပြောတာတွေလည်းရှိတယ်။ ဆန္ဒစွဲတွေ ရှိနေတဲ့သဘောပါ'' ဟု ၀န်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ရွှေ့ပြောင်းဒုက္ခသည် ၇၅၀၀၀ ဦးခန့် ရှိနေပြီး ၎င်းတို့၏ နေရေးစားရေး ကယ်ဆယ်ရေးလုပ်ငန်းစဉ်များမှာ ကြီးမားလာသဖြင့် နေ့စဉ်ကျွေးမွေးရန် ရန်ပုံငွေများစွာလိုအပ်လာကြောင်း သိရသည်။
နောက်တစ်ကြိမ် ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ပဋိပက္ခများ ပြန်လည်ဖြစ်ပွားရာတွင် ဒုက္ခသည် ပေါင်း ၃၆၀၀၀ ခန့် တိုးလာကြောင်း၊ ၂၀၁၀ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရေကြီးမှုနှင့် တောင်ပြိုမှုကြောင့် ဒုက္ခသည်ပေါင်း  ၁၉၀၀၀ ခန့် ရှိနေသလို ဂီရိမုန်တိုင်းကြောင့် ဒုက္ခသည်ပေါင်း ၂၆၀၀၀၀ ခန့် ရှိနေဆဲဖြစ်ကြောင်း သိရသည်။
'' ရခိုင်ပြည်နယ်မှာ လူဦးရေ  ၃၂ သိန်းခန့်ရှိတာမှာ ခြောက်သိန်းလောက်က ဒုက္ခသည်ဖြစ်နေပါတယ်'' ဟု ၀န်ကြီးဦးသိန်းဌေးက ပြောကြားခဲ့သည်။
အဆိုပါ ဒုက္ခသည်များထံ အကူအညီများ ထိထိရောက်ရောက် ပေးနိုင်ရန် ကုလသမဂ္ဂက အလှူရှင်များနှင့် တွဲဘက်လုပ်ဆောင်သွားမှာဖြစ်ပြီး လူမျိုးရေးခွဲခြားမှုမရှိပဲ လိုအပ်မှုများပြားသူကို ဦးစွာကူညီသည့် ပုံစံဖြင့် ကူညီပေးသွားမည်ဖြစ်ကြောင်း UNRC/HC မှ Mr.Ashok Nigam က ပြောကြားခဲ့သည်။
Eleven Media Group