Pages

Sunday, November 11, 2012

 တရုတ်နိုင်ငံမှ တရားမ၀င် တင်သွင်းလာသော ကြက်သားများ ဖမ်းဆီးရမိ၍ မီးရှို့ဖျက်ဆီး တရားမ၀င်တင်သွင်းလာသည့် စားသောက်ကုန်များအား ဖမ်းဆီးကာ FDA သို့ ပေးပို့စစ်ဆေးထားကြောင်း သိရ

 11mt2
တရုတ်နိုင်ငံမှ တရားမ၀င် တင်သွင်းလာသော အေးခဲထားသည့် ကြက်သားများအား မူဆယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မူဆယ်-မန္တလေး ကုန်သွယ်မှုလမ်းကြောင်း၏ လှုပ်ရှားရှာဖွေရေးအဖွဲ့ တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။
နိုဝင်ဘာလ ၈ ရက်နေ့က ဖမ်းဆီးရမိသည့် အေးခဲကြက်သားများအား နိုဝင်ဘာလ ၁၀ ရက်နေ့ က မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း မူဆယ်-မန္တလေး ကုန်သွယ်မှုလမ်းကြောင်း၏ လှုပ်ရှားရှာဖွေရေးအဖွဲ့ Mobile Team အဖွဲ့ ခေါင်းဆောင်၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက ပြောကြားခဲ့ပါသည်။
မူဆယ်-မန္တလေး ကုန်သွယ်ရေးလမ်းကြောင်း တစ်လျှောက် တရားမ၀င် ကုန်သွယ်မှုများအား Mobile Team အနေဖြင့် စစ်ဆေးလျှက်ရှိရာ စားသောက်ကုန်များအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသည့် စားသောက်ကုန်များအား မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA သို့ ပေးပို့ စစ်ဆေးထားကြောင်း သိရသည်။
ကြက်သားနှင့် အသားမျိုးစုံ အနေဖြင့်မူ မြန်မာနိုင်ငံအနေဖြင့် ကြက်ငှက်တုပ်ကွေး အပါအ၀င် အခြားရောဂါများကြောင့် ကန့်သတ်ထားခဲ့သည့်အတွက် FDA သို့ ပေးပို့ရန်မလိုဘဲ တိုက်ရိုက်သက်ဆိုင်သည့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနသို့ တင်ပြကာ ဌာနခွင့်ပြုချက်ဖြင့် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရားမ၀င် ကုန်စည်များအား စိစစ်ရာတွင် ယခုအခါ ပညာပေးကာလ ဖြစ်သည့်အတွက် ဖမ်းဆီးရမိသည့် စားသောက်ကုန်နှင့် ကုန်စည်များအား တရားဝင်လိုင်စင်ပြန်လည် ပြုလုပ်စေသည့် နည်းလမ်းဖြင့်သာ အရေးယူလျက်ရှိကြောင်း သိရသည်။
အသားမဟုတ်သည့် အခြားအချိုရည်၊ မုန့်မျိုးစုံ အပါအ၀င် စားသောက်ကုန်များကိုမူ FDA သို့ ပေးပို့စစ်ဆေးထားပြီး FDA မှ စားသုံးရန်သင့်ကြောင်း စစ်ဆေးထောက်ခံပေးမှသာ လိုင်စင်ပြုလုပ်ကာ ပြန်လည်ပေးအပ်မည်ဖြစ်ပြီး အကယ်၍ FDA မှ စားသုံးရန်မသင့်ကြောင်း အဖြေရရှိပါက ပြန်ပေးမည်မဟုတ်ဘဲ ဖျက်ဆီးသွားမည်ဖြစ်ကြောင်းကိုလည်း  ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက ပြောကြားခဲ့ပါသည်။Eleven Media Group