Pages

Sunday, December 23, 2012

ယူရိုသန်းချီတန် ကျောက်စိမ်းတုံးနှစ်တုံးနှင့် ပတ်သက်၍ မြန်မာနှင့် တရုတ်ကုမ္ပဏီတို့ တရားရုံး နောက်တစ်ဆင့်တွင် ရင်ဆိုင်လျက်ရှိပြီး မြန်မာကျောက်စိမ်းများ တရုတ်သို့ မှောင်ခိုကုန်သွယ်နေသည့် လမ်းကြောင်းကို အဓိကစစ်ဆေးနေ

233
Add captနန်ဟိုင်ဆန်လုန်တဲ့တုဝမ် ကျောက်စိမ်းကုမ္ပဏီဝင်းအတွင်း သီတာမြနန်း ကုမ္ပဏီပိုင် ချိပ်ပိတ်ထားသည့် ကျောက်စိမ်းတုံးနှစ်တုံးကို တွေ့ရစဉ်
 မြန်မာနိုင်ငံ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ ထွက်ရှိသော ယူရိုသန်းချီတန် ကျောက်စိမ်းတုံး နှစ်တုံးနှင့်ပတ်သက်၍ မြန်မာနှင့်တရုတ် ကျောက်စိမ်းကုမ္ပဏီတို့ ဖူဆန်မြို့ အငယ်စား ပြည်သူ့တရားရုံးတွင် တရားရင်ဆိုင်နေရာမှ ဖူဆန်မြို့အလတ်စား ပြည်သူ့တရားရုံးတွင် ဆက်လက်တရား ရင်ဆိုင်လျက်ရှိပြီး မြန်မာကျောက်စိမ်းများ တရုတ်သို့ မှောင်ခိုကုန်သွယ်နေသည့် လမ်းကြောင်းကို အဓိကစစ်ဆေးနေကြောင်း မြန်မာကျောက်စိမ်း ကုမ္ပဏီ သီတာမြနန်းကုမ္ပဏီ၏ ထုတ်ဖော်ပြောကြားချက်အရ သတင်းရရှိပါသည်။

အဆိုပါအမှုသည် မြန်မာကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းဖြစ်သော သီတာမြနန်း ကျောက်စိမ်းကုမ္ပဏီနှင့် တရုတ်လုပ်ငန်းဖြစ်သော နန်ဟိုင်ဆန်လုန်တဲ့တုဝမ် ကုမ္ပဏီတို့အကြား တရားရင်ဆိုင်နေခြင်း ဖြစ်ပါသည်။ ဖူဆန်မြို့ အလတ်စားတရားရုံးတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့က ခုံရုံးဖွဲ့ပြီး စစ်ဆေးခဲ့ပြီး အမှုမပြီးပြတ်သေးကြောင်း သိရပါသည်။

“မြန်မာနိုင်ငံမှာ ကျောက်စိမ်းတုံးက တရားဝင်၊ ဒါပေမယ့် တရုတ်နိုင်ငံကို ကျောက်စိမ်းတုံးက  တရားဝင်ကုန်သွယ်မှု အထောက်အထား၊ အခွန်ပေးဆောင်မှုမရှိဘဲ ရောက်သွားတယ်။ အဲဒါကြောင့် တရားစွဲတာပါ။ တရုတ်တရားရုံးကလည်း ဒါကို အဓိကထားပြီး စစ်ဆေးနေပါတယ်” ဟု သီတာမြနန်း ကုမ္ပဏီ၏ ရန်ကုန်ရုံးတာဝန်ခံ ဦးကျော်ကျော်ဟိန်းက ပြောကြားသည်။

ကျောက်စိမ်းတုံးနှစ်တုံးသည် သီတာမြနန်း ကုမ္ပဏီပိုင် ဖားကန့်ကျောက်စိမ်းလုပ်ကွက် တစ်ခုမှ ၂၀၀၆ ခုနှစ် ဇူလိုင်လအတွင်း တူးဖော်ရရှိခဲ့ခြင်း ဖြစ်ပါသည်။ အလေးချိန် ၃၂ တန်ရှိ အဆိုပါ ကျောက်စိမ်းတုံးကို လေးခြမ်းရရှိအောင် ဖြတ်တောက်ခဲ့ပြီး နှစ်ခြမ်းကို ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သည့် ကျောက်မျက်ပြပွဲတွင် ချန်လုံကျောက်မျက် ကုမ္ပဏီမှတစ်ဆင့် တင်ပြရောင်းချခဲ့ကြောင်း၊ ရန်ကုန်မြို့မှ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ဖူစန်မြို့၊ နန်ဟိုင်ရပ်ကွက်မှတစ်ဆင့် တင်သွင်းပြီး အကောက်ခွန်ပေးဆောင်ရန် သီတမြနန်း ကုမ္ပဏီပိုင်ရှင် ဦးလှထွန်းက တဲ့တုဝမ်ကျောက်စိမ်းကုန်သွယ်ရေး ကုမ္ပဏီထံ အလုပ်အပ်နှံခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

ကျောက်စိမ်းတုံးနှစ်တုံး တရုတ်နိုင်ငံဘက်ကို ရောက်ရှိသွားပြီးနောက် ကျောက်စိမ်းတုံးနှစ်တုံးနှင့် ယင်းနှင့်ပတ်သက်သည့် တင်သွင်းမှု စာရွက်စာတမ်းများနှင့် အကောက်ခွန်ပေးဆောင်မှု စာရွက်စာတမ်းများ၊ အခွန်ဆောင်ပြီးကြောင်း သက်သေခံလက်မှတ်များကို သီတာမြနန်း ကုမ္ပဏီသို့ ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းအထိ ပြန်လည်ပေးအပ်ခြင်း မရှိသည့်အတွက် တရားစွဲရခြင်းဖြစ်ကြောင်း သိရသည်။ ကျောက်စိမ်းတုံး နှစ်တုံးမှာ တန်ဖိုးအားဖြင့် ယူရို ၉၀၀၀၀၀ နှင့် ၉၅၀၀၀၀ တန်ကြေးရှိကာ နှစ်တုံးပေါင်း ယူရို ၁ ဒသမ ၈၅ သန်း တန်ကြေးရှိကြောင်း သိရသည်။
Eleven Media Group