Pages

Wednesday, December 19, 2012

လွတ်လပ်ရေးရယူစဉ် ဖြစ်ပေါ်ခဲ့သည့် ဂြိုလ်ရပ်တည်မှု အနေအထားများကြောင့် မြန်မာနိုင်ငံ အုပ်ချုပ်ရေးသမိုင်းတွင် တပ်မတော်အာဏာသည် ၂၀၁၈ ခုနှစ်အထိသာ အင်အားအကောင်းဆုံးအဖြစ် ရပ်တည်နိုင်မည်

မြန်မာနိုင်ငံလွတ်လပ် ရေးရယူခဲ့စဉ် ဖြစ်ပေါ်ခဲ့သည့်  ဂြိုလ်နက္ခတ်များအရ မြန်မာနိုင်ငံ၏ နိုင်ငံရေး အာဏာတည်မြဲမှုတွင် တပ်မတော် အာဏာသည် ၂၀၁၈ ခုနှစ်အထိသာ တည်မြဲနိုင်မည်ဖြစ်ကြောင်း နက္ခတ်သိပ္ပံအဖွဲ့မှ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကို၏ ပြောပြချက်အရ သိရှိရသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရယူခဲ့သည့် ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက်နေ့  နံနက် ၄ နာရီ ၂၀ မိနစ်၊    ဗြိစ္ဆာရာသီတွင် နက္ခတ်ဗေဒများအရ စနေဂြိုဟ်ကို ဘုန်းကံအာဏာ မြင့်မားမည့်နေရာတွင် နေရာချထားပြီး တပ်မတော် ကိုယ်စားပြုသည် အင်္ဂါဂြိုဟ်အား တပ်မတော်အင်အား ခိုင်မာတောင့်တင်းစေရန်နှင့် လွတ်လပ်ရေးအဓွန့်ရှည်စေရန် အင်္ဂါဂြိုလ်အင်အား အကောင်းဆုံးနှင့် အားအရှိဆုံးဖြစ်သည့် သိဟ်ရာသီတွင် ရပ်တည်၍ လွတ်လပ်ရေးယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
“ လွတ်လပ်ရေးရယူစဉ်က ရာဟုနဲ့ကိတ်ဂြိုလ်တို့ရဲ့ ဂြိုလ်ရပ်တည်မှု လွဲမှားခဲ့တာကြောင့် တိုင်းပြည်ငြိမ်းချမ်းရေးရယူရာမှာ လွဲချော်နေတာပါ၊ ဗြိစ္ဆာရာသီမှာမဟုတ်ပဲ မိနစ် ၂၀ နောက်ကျပြီး ဓနုရာသီမှာသာ လွတ်လပ်ရေးယူခဲ့မယ်ဆိုရင် တပ်မတော်အာဏာကတော့ မှေးမိန်မှာမဟုတ်ပဲ တိုင်းပြည်ရဲ့ဖွံဖြိုးမှု အနေအထား ပိုမိုအားကောင်းစေမှာ ဖြစ်ပါတယ်။ ဓနုရာသီမှာယူရင် အားနည်းချက်က စစချင်းအုပ်ချုပ်မယ့် ၀န်ကြီးချုပ် ဦးနုရဲ့ သြဇာအာဏာဆုံးရှုံးမှု ဆိုးရွားနိုင်တယ်။ ဒီလိုတွေကြောင့် ဗြိစ္ဆာရာသီနဲ့ပဲ လွတ်လပ်ရေးယူခဲ့ခြင်းဖြစ်တယ်လို့ သုံးသပ်ကြပါတယ်” ဟု ဦးဇေယျာကိုက ပြောပါသည်။                                  
လွတ်လပ်ရေးရယူစဉ် ဖြစ်ပေါ်ခဲ့သည့် ဂြိုလ်ရပ်တည်မှုများအရ လွတ်လပ်ရေးသက်တမ်းမှာ နှစ်ပေါင်း ၇၀ အဓွန့်ရှည်နိုင်မည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်အထိ တပ်မတော်အာဏာသည် မှေးမှိန်ခြင်းရှိမည်မဟုတ်ပဲ ၂၀၁၃ ဇွန်မှ ၂၀၁၄ ဇွန်အတွင်းကာလများသည် အတိုက်အခံများ များပြားနိုင်သည့် ကာလများဖြစ်ကာ  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ပြောင်းလဲလွှင့်တင်ခဲ့သည့် အလံသစ်အရ ၂၀၁၃ခုနှစ် စက်တင်ဘာလ နောက်ပိုင်းကာလသည် တပ်မတော်နှင့် ပတ်သက်သည့် ဂြိုဟ်ရပ်တည်မှုများအားကောင်းသည့် အခြေအနေတွင် ရှိနေမည်ဖြစ်ပြီး ၂၀၁၄ မေလနောက်ပိုင်းကာလများတွင်မူ ယခင်နှင့်မတူသည့် တိုင်းပြည်တိုးတက်မှု အခြေအနေ ပြန်လည်ရရှိလာနိုင်ကြောင်း ဦးဇေယျာကို၏ ပြောပြချက်အရ သိရသည်။                  
မြန်မာနိုင်ငံ လွတ်လပ်ရေးရယူစဉ် ဖြစ်ပေါ်ခဲ့သည့်  ဂြိုလ်ရပ်တည်မှုများအရ စနေဂြိုလ်နှင့် အင်္ဂါဂြိုလ် အင်အားယူထားသည့်  ဂြိုလ်ရပ်တည်မှုဖြစ်သောကြောင့် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ ၂၀၁၈ မတိုင်မီအထိ အင်္ဂါနေ့မွေးဖွားသူများသည် နိုင်ငံအုပ်ချုပ်မှုအပိုင်း၌ တပ်မတော်အာဏာအောက် ဒုတိယ နေရာတွင်ပါဝင်ခဲ့ပြီး  နောက်ပိုင်းတွင်လည်း ကြီးလေးသည့်တိုင်းပြည်တာဝန်နှင့် အုပ်ချုပ်သူအပိုင်းတွင် ပါဝင်လာနိုင်သည်ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။
Eleven Media Group