Pages

Saturday, December 15, 2012

 မွေးမြူရေးလုပ်ငန်းရှင်များမှ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနသို့ ပေးရန်အကြွေးပမဏ များပြားရခြင်းမှာ ငွေလဲလှယ်နှုန်း အပြောင်းအလဲကြောင့် လုပ်ငန်းရှင်များ အရှုံးပေါ်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့် အဆိုပါအကြွေး ပြန်လည်ပေးဆပ်သွားမည်

မွေးမြူရေးလုပ်ငန်းရှင်များမှ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနသို့ ပေးရန်အကြွေးပမာဏ များပြားရခြင်းမှာ ငွေလဲလှယ်နှုန်းအပြောင်းအလဲကြောင့် လုပ်ငန်းရှင်များ အရှုံးပေါ်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့် အဆိုပါအကြွေးများအား ပြန်လည်ပေးဆပ်သွားမည်ဖြစ်ကြောင်း ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးသန်းလွင်က ဒီဇင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ရုံးအဆောက်အဦတွင် ကျင်းပပြုလုပ်ခဲ့သည့် အပတ်စဉ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးသန်းလွင်က '' ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်းမှာ ရေထွက်ကုန်ပစ္စည်းတွေကို ပြည်ပကိုတင်ပို့တဲ့ အရေအတွက်ရော ဈေးနှုန်းပါ ပုံမှန်အတိုင်း ရှိနေပါတယ်။ ပြည်တွင်းစားသုံးမှုကလည်း ပုံမှန်ရှိနေပါတယ်။ ဒါပေမယ့် နိုင်ငံခြားငွေလဲလှယ်နှုန်း အရမ်းကွားသွားတဲ့အပြင် အဲဒီတုန်းက ပြည်ပပို့ဖို့ကုန်ပစ္စည်းတွေ တင်ပို့တိုင်းလုပ်ငန်းရှင်တွေက ပို့ကုန်ရဲ့ ၁၀ ရာခိုင်နှုန်းကို နိုင်ငံတော်ကို ပေးရတဲ့အခါ ကျွန်တော်တို့အနေနဲ့ ငါးတစ်ပိဿာထုတ်လုပ်တိုင်း မြန်မာကျပ်ငွေ ငါးရာဝန်းကျင် ရှုံးပါတယ်။ ဒါကြောင့် အရှုံးဟာအရမ်းများပြီး ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေဟာ အလွန်ပဲ နစ်နာဆုံးရှုံးခဲ့ရပါတယ်'' ဟု ပြောပြခဲ့ပါသည်။
ငါးမွေးမြူရေးလုပ်ငန်းရှင် ၁၅၄ ဦးထံမှ နိုင်ငံတော်က အကြွေးရရန် ကျပ်သန်းပေါင်း သုံးသောင်းငါးထောင်ကျော် ကျန်ရှိနေကြောင်းနှင့် ၂၀၁၃ ခုနှစ် မတ်လကုန် နောက်ဆုံးထားတောင်းယူရန် ပြည်ထောင်စုအစိုးရအား လွှတ်တော်မှညွှန်ကြားထားကြောင်း သိရသည်။
''ဒါဟာအကြမ်းအားဖြင့် ရှုံးတယ်ဆိုတာပဲဖြစ်တယ်။ ဒါကိုလူကြီးတွေသိအောင် တင်ပြရမှာ ဖြစ်ပါတယ်။ ပြန်မဆပ်ဘူးဆိုတာတော့ မရှိဘူး။ ကလိန်ကျတယ်ဆိုပြီး အတင်းတောင်းရင်လည်း မပေးနိုင်ဘူး။ ကျွန်တော်တို့မှာ ငါးကန်တွေရှိတယ်။ ဒါတွေကို ရောင်းချဖို့ပေါင်ဖို့ဆိုတာ ခက်တယ်။ ပေါင်ပေးလို့ရရင် ပေါင်ပေးမယ်။ ရောင်းချလို့ရရင် ရောင်းချပေးမယ်။ အရင်းလည်းမရှိတော့ ဒီလုပ်ငန်းတွေကို မကူညီမထောက်ပံ့နိုင်ရင် မတိုးတက်နိုင်တော့ဘူး။ ကျွန်တော်တို့မှာ ကန်ရှိတယ်။ လုပ်တတ်တယ်။ အတွေ့အကြုံရှိတယ်။ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းရှင်တွေ စုပေါင်းဆွေးနွေးပြီး ၀န်ကြီးဌာနကိုလည်း တင်ပြသွားမှာပါ'' ဟု ဦးသန်းလွင်က ဆက်လက်ပြောကြားခဲ့သည်။
ငါးမွေးမြူရေး လုပ်ငန်းရှင်များအနေဖြင့် မွေးမြူရေးအစား အစာနဲ့နို့ထွက်ပစ္စည်းလုပ်ငန်းမှသာမက မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ဘဏ်နှင့်အခြားပုဂ္ဂလိကဘဏ်များမှ ချေးယူခြင်း ကိုယ်ပိုင်ရင်းနှီးငွေများ စိုက်ထုတ်ခြင်းများလည်းရှိရာ ငွေလဲလှယ်နှုန်းပြောင်းလဲမှုကြောင့် ပိုင်ဆိုင်မှု၏ သုံးပုံတစ်ပုံခန့်မှာ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ရကြောင်း မွေးမြူရေးလုပ်ငန်းရှင်များက ပြောကြားခဲ့သည်။                                 ''ငါးမွေးမြူရေးလုပ်ငန်းတွေ အများဆုံးချေးတာ ပုဂ္ဂလိကဆီကပါ။ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုတွေလည်း ပါပါတယ်။ ငါးမွေးတဲ့သူတွေဟာ ဒေါ်လာဈေး ၁၂၀၀ လောက်တုန်းက ရတဲ့ငွေနဲ့ ရင်းနှီးမြှုပ်နှံမှုစရိတ် ထုတ်လုပ်မှုစရိတ်နဲ့ အခုဒေါ်လာဈေး ၈၀၀ ကျော်လောက်ဖြစ်သွားပြီး ရတဲ့ငွေနဲ့ ထုတ်လုပ်မှုစရိတ်နဲ့က ငွေပိုင်ဆိုင်မှုရဲ့ သုံးပုံတစ်ပုံလောက် ပျောက်ဆုံးသွားတယ်။ ဒီပျောက်ဆုံးမှုက အချိန်ကြာလာတဲ့အခါမှာ အခုလိုမျိုးချေးယူထားတဲ့ ငွေတွေမဆပ်နိုင်တာ၊ အကြွေးယူထားတာတွေ မဆပ်နိုင်တဲ့ဖြစ်စဉ်တွေ ဖြစ်ပေါ်လာရတာပါ'' မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားခဲ့သည်။
"လုပ်ငန်းရှင်တွေဆီကို ပုဂ္ဂလိကဘဏ်တွေက ဘယ်လောက်ရရန် ကျန်လည်းဆိုတာ ကျွန်တော်တို့မသိဘူး။ ပုဂ္ဂလိကက သူငွေပြန်မရရင် ကန်ကိုသိမ်းလိုက်တာတို့ ကန်ကိုရောင်းပြီး အကြွေးကိုတောင်းတာတို့ တနည်းနည်းနဲ့ ဖြေရှင်းတာတွေ့ရတယ်။ ပုဂ္ဂလိက ဘယ်လောက်ချေးထားလို့ ဘယ်လောက်ဆုံးသွားတယ်။ ဘာတွေသိမ်းလိုက်တယ်ဆိုတာလည်း ကျွန်တော်တို့ မသိဘူး။ ဒီငွေလဲနှုန်းအပြောင်းအလဲကြောင့် ဖြစ်ပေါ်သွားတဲ့ပြဿနာဟာ တိုင်းပြည်မှာသေးတဲ့ပြဿနာ မဟုတ်ဘူးဆိုတာ တိတိကျကျပြောရမှာ ဖြစ်ပါတယ်'' ဟု ဦးဝင်းကြိုင်က ဆက်လက်ပြောကြားခဲ့သည်။
Eleven Media Group