Pages

Tuesday, January 22, 2013

လျှပ်တစ်ပြက်ဦးမြတ်ခိုင်ကို မြ၀တီနယ်ခြားစောင့်တပ် သေနတ်နဲ့ချိန်

ယနေ့မွန်းလွဲပိုင်းက မြ၀တီတွင်တွေ့ရသည့် ဦးမြတ်ခိုင်နှင့် နယ်ခြားစောင့်တပ်မှ တပ်မှူးတဦး (ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ)
ယမန်နေ့ညက မြ၀တီမြို့ရှိ တရားမ၀င် လောင်းကစားပွဲတော်ကို ဓာတ်ပုံရိုက်သည့် လျှပ်တစ်ပြက်ဂျာနယ်အယ်ဒီတာချုပ် ဦးမြတ်ခိုင်နှင့် ဓာတ်ပုံသတင်းထောက်တဦးကို နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက သေနတ်များဖြင့် ချိန်ရွယ် ခြိမ်းခြေက်ခဲ့သည်။

မြ၀တီမြို့စာပေဟောပြောပွဲတွင် ဟောပြောရန်ရောက်ရှိနေသည့် ဦးမြတ်ခိုင်က မြ၀တီမြို့ပြင် အမှတ် ၁ ဂိတ်အနီးရှိ လောင်းကစားဝိုင်းများကို ဓာတ်ပုံရိုက်ကူးစဉ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့က "ဒီမှာ ဓာတ်ပုံရိုက်လို့မရဘူးဆိုတာ မသိဘူးလား။ ခင်ဗျားတို့ကို အခု ပစ်သတ်ပြီး ဖြောင်လိုက်လို့ရတယ်" ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။

ဦးမြတ်ခိုင် သတင်းထောက်ကတ် ထုတ်ပြပြီး စာနယ်ဇင်းသမားဖြစ်ကြောင်း ရှင်းပြခဲ့သည်ဟုလည်း သိရသည်။

နယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦးက "သူက နာမည်ကြီးဂျာနယ်အယ်ဒီတာဖြစ်လို့ ပြဿနာက ပြီးသွားတာ။ တခြားလူတွေဆိုရင် ဒီကိစ္စ မလွယ်ဘူး" ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။

အခင်းဖြစ်ပွားခဲ့သည့် နေရာတွင် လေးကောင်ဂျင်၊ အန်စာတုံးနှင့် အခြားလောင်းကစားနည်းမျိုးစုံ ပါဝင်ပြီး ကစားဝိုင်းပေါင်း ၄၀ ခန့် ရှိပြီး တ၀ိုင်းလျှင် လောင်းကစားငွေကြေး ပမာဏ ကျပ် ၅ သိန်း အထက်တွင် ရှိသည်ဟု လောင်းကစားဒိုင်တဦးက ပြောသည်။

မြ၀တီမြို့တွင် လောင်းကစားကွင်း ၂ နေရာခန့်ရှိပြီး လောင်းကစားပွဲ ကျင်းပခဲ့သည်မှာ ၃ လကျော်ပြီ ဖြစ်ကြောင်း၊ အထက်အာဏာပိုင်များက တစုံတရာ အရေးယူခြင်းမရှိကြောင်း၊ လောင်းကစားမှုနှင့် ဆက်စပ်ဖွယ်ရှိသည့် ခိုးဆိုးလုယက်ခြင်းများ အပါအ၀င် ရာဇ၀တ်မှုများ မြို့နယ်အတွင်း နေ့စဉ်ဖြစ်ပွားနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးက ပြောသည်။

ပြည်တော်မြင့် (ဧရာဝတီ blog)