Pages

Tuesday, January 22, 2013

 ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အပါအ၀င် လေဆိပ် ၆ ခု၌ လေကြောင်းလမ်းညွှန် စက်ပစ္စည်းများ တပ်ဆင်ရန် ဂျပန်အစိုးရ ကူညီမည်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အပါအ၀င် မြန်မာနိုင်ငံရှိ လေဆိပ် ၆ ခု၌ လေကြောင်းလမ်းညွှန် စက်ပစ္စည်းများ တပ်ဆင်နိုင်ရန် ဂျပန်အစိုးရမှ ကူညီသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ညောင်ဦး လေဆိပ်၊ ဟဲဟိုး လေဆိပ်၊ သံတွဲ လေဆိပ်၊ ထားဝယ် လေဆိပ်နှင့် ရန်ကုန်မြို့ရှိ လေကြောင်းပညာသိပ္ပံတို့တွင် လေကြောင်းလမ်းညွှန်စက်ပစ္စည်းများ၊ Weather Observing System တပ်ဆင်ရန်နှင့် အခြားလေကြောင်းဘက်ဆိုင်ရာ စက်ပစ္စည်းများ တပ်ဆင်ပေးရန် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းက မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် JICA တို့အကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ယင်းသို့ လေကြောင်းဆိုင်ရာ စက်ပစ္စည်းများအား မြန်မာနိုင်ငံသို့ အကူအညီပေးရခြင်းမှာ မြန်မာနိုင်ငံ၏ မြို့ပြလေကြောင်းကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဂျပန်နိုင်ငံအစိုးရမှ ကူညီပေးရေး အစီအစဉ်အရ ဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ JICA နှင့် ဂျပန်နိုင်ငံမှ Nippon Koei ကုမ္ပဏီတို့သည် ၂၀၀၉ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံ၏ မြို့ပြလေကြောင်းကဏ္ဍ ဖွံ့ဖြိုးရေးတွင် ကူညီနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
"JICA က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီးပါပြီ။ ခုလက်ရှိတော့ Grand Aid အနေနဲ့ ကူညီပေးသွားမယ်လို့ သိရပါတယ်" ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
မြန်မာနိုင်ငံသည် ဂျပန်နိုင်ငံနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် အာကာသဆိုင်ရာ အချက်အလက်များကို အသုံးပြုသည့် မဟာဗျူဟာများ၊ ဂြိုလ်တုမှတ်တမ်း အသုံးပြုမှုများ၊ ဂြိုလ်တုအသုံးပြု ဆက်သွယ်ရေးနည်းစနစ်များနှင့် တက္ကသိုလ်များတွင် အာကာသနည်းပညာဆိုင်ရာ ပညာသင်ကြားမှုများ ပူးပေါင်းလုပ်ဆောင်နိုင်ရန် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလအတွင်းက ဆွေးနွေးခဲ့သည်။
ယင်းအစီအစဉ်များကို ဂျပန်နိုင်ငံမှ အကူအညီပေးမည်ဖြစ်ပြီး ကနဦးစတင်မှုအဖြစ် အသေးစားကမ္ဘာမြေ လေ့လာရေးဂြိုလ်တုအား လွှတ်တင်သွားမည်ဖြစ်သည်။