Pages

Tuesday, January 29, 2013

 နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့မှ ထုတ်ပြန်ခဲ့သော အမိန့်အမှတ် ၂/၈၈ ကို ပယ်ဖျက်

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့မှ ထုတ်ပြန်ခဲ့သော အမိန့်အမှတ် ၂/၈၈ ကို ပယ်ဖျက်ကြောင်း ဇန်န၀ါရီ  ၂၈ ရက်တွင် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ အမိန့်အမှတ် ၂/၈၈ သည် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၄၇ ဖြင့် ဆန့်ကျင်နေသဖြင့် ယင်းအမိန့်ကို ပယ်ဖျက်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။
"ဒီလို အမိန့်မျိုးရုပ်သိမ်းတာ ယေဘုယျအားဖြင့်တော့ ကောင်းပါတယ်။ နောက်တစ်ခုကလည်း ရုပ်သိမ်းပြီးသွားရင်လည်း တစ်ကယ်ကို အောက်ခြေအဆင့်ဆင့်ထိပါ ဒီအမိန့် ကြော်ငြာစာကို နားလည်ပြီးတော့ လိုက်နာနိုင်အောင်တော့ ကြိုးစားသင့်တယ်ပေါ့လေ။ ကျွန်တော်တို့ဆီမှာက အမိန့်ကရုပ်သိမ်းလိုက်တယ်။ အောက်ခြေက မသိဘဲ ဆက်ပြီးတော့ အရေးယူနေတယ်လို့ ပြဿနာ တက်နေရတာတွေလည်း ရှိနေကြတယ်လေ" ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်အဖွဲ့ AAPP မှ ကိုဘိုကြည်က ပြောကြားခဲ့သည်။
ပယ်ဖျက်လိုက်သော အမိန့်အမှတ် ၂/၈၈ တွင် "ည ၈ နာရီမှ နံနက် ၄ နာရီအထိ မည်သူမဆို အမိန့်တစ်စုံတစ်ရာ မရှိဘဲ လမ်းများပေါ်သို့ တက်ရောက်သွားလာမှု မရှိစေရ။ ဆူပူလှုံ့ဆော်လိုသော ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်လိုသော ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ လူ ၅ ယောက်နှင့် လူ ၅ ယောက်ထက်ပို၍ လမ်းများအပေါ်တွင် စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ ဟစ်အော်ကြွေးကြော်ခြင်း၊ လှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ်ပြုခြင်း မည်သူမျှ မပြုလုပ်ရ။ မည်သည့်နေရာတွင်မျှ သပိတ်စခန်းဖွင့်ခြင်း၊ ဆူပူလှုံ့ဆော်လိုသော ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်လိုသော ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ လူစုလူဝေးဖြင့် ပိတ်ဆို့ဆန္ဒပြခြင်း မည်သူမျှ မပြုလုပ်ရ။ လုံခြုံရေးတာဝန် ထမ်းဆောင်နေသူများကို မည်သည့်နည်းလမ်းဖြင့်မျှ နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်း မည်သူမျှ မပြုလုပ်ရ" ဟု ပါဝင်သည်။
၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် တပ်မတော်အစိုးရမှ နိုင်ငံတော်အာဏာ ရယူပြီးနောက် နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော ဆန္ဒပြမှုများအား ထိန်းသိမ်းရန် ယင်းအမိန့်အား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။