Pages

Monday, January 7, 2013

ဘီလျံနာသူဌေးကြီး ဂျော့ဆိုးရော့စ်နှင့် ဦးခွန်ထွန်းဦး ရှမ်းပြည်နယ်ငြိမ်းချမ်းရေး ကိစ္စရပ်များ ဆွေးနွေး

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် Open Society ဖောင်ဒေးရှင်း တည်ထောင်သူ ဘီလျံနာသူဌေးကြီး ဂျော့ဆိုးရော့စ်သည် ဇန်န၀ါရီ ၇ ရက်က ရန်ကုန်မြို့၊ Chatrium Hotel တွင် ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် ရှမ်းပြည်နယ်ငြိမ်းချမ်းရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
တစ်နာရီခန့် ကြာမြင့်သည့် အဆိုပါတွေ့ဆုံမှုတွင် ဦးခွန်ထွန်းဦးနှင့်အတူ ဦးစိုင်းစောအောင်၊ ဦးစိုင်းစံဖွန်အောင်တို့ ပါဝင်ပြီး ရှမ်းပြည်နယ် ငြိမ်းချမ်းရေး ကိစ္စများကို အဓိကထား၍ မေးမြန်းဆွေးနွေးခဲ့ကြောင်း ဦးခွန်ထွန်းဦးက Eleven Media Group သို့ ပြောသည်။
"အဓိက ရှမ်းပြည်နယ်နဲ့ဆိုင်တဲ့ ကိစ္စတွေမေးတယ်။ ငြိမ်းချမ်းရေးကိစ္စတွေပေါ့။ ရှမ်းပြည်နယ်ငြိမ်းချမ်းရေး ဖြစ်စဉ်တွေက တစ်ပြေးညီမဖြစ်ဘူး။ မခိုင်မြဲဘူး။ ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီး နောက်ပိုင်းလည်း တိုက်နေတာပဲ။ သူဘာလုပ်ပေးနိုင်မယ်ဆိုတာကတော့ ပြောသွားတာမျိုး မရှိပါဘူး" ဟု ဦးခွန်ထွန်းဦးက ပြောသည်။
ဂျော့ဆိုးရော့စ်သည် မြန်မာနိုင်ငံသို့ ဇန်န၀ါရီ ၄ ရက်နေ့ကတည်းက ရောက်ရှိနေပြီး သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းအပါအ၀င် အစိုးရအရာရှိများနှင့် တွေ့ဆုံခဲ့ကြောင်း၊ ဇန်န၀ါရီ ၆ ရက်တွင် မြန်မာငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန (MPC) မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
MPC တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် MPC ဘက်က ကချင်ပြည်နယ် ကိစ္စများနှင့် ရခိုင်ပြည်နယ်ကိစ္စများကို ရှင်းပြခဲ့ပြီး ဂျော့ဆိုးရော့စ်အနေဖြင့် မြန်မာနိုင်ငံ၏  ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် မည်သို့လုပ်ပေးနိုင်မည်ဆိုသည်များ ဆွေးနွေးခဲ့ကြောင်း MPC မှ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောသည်။
"အရင်က အထောက်အပံ့ပေးတယ်ဆိုတာ အပြင်ကနေ သတင်းမပြည့်မစုံနဲ့ ထောက်ပံ့ရတာ။ ခုပြည်တွင်းမှာ အပြောင်းအလဲတွေ ဖြစ်နေတော့ ပြည်တွင်းမှာ ဘာတွေဖြစ်နေလဲဆိုတာတွေ ရှင်းပြတယ်။ ငြိမ်းချမ်းရေးလုပ်ဆောင်ရာမှာ ကြုံရတဲ့အခက်အခဲတွေ၊ မီဒီယာမှာပြောလို့မရတဲ့ အခက်အခဲတွေ၊ သူတို့ဟိုမှာ ကြားနေတာတွေ၊ အဲဒါကို သူတို့ကို ရှင်းပြတယ်။ အဓိက တပ်မတော်က ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါတဲ့ အနေအထားတွေကို ရှင်းပြတယ်" ဟု ဒေါက်တာမင်းဇော်ဦးက ဆက်လက်ပြောကြားသည်။
ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်သည် မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၃ ရက်အထိ လာရောက်လည်ပတ်ခဲ့ဖူးပြီး ထိုစဉ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ သမ္မတအကြံပေးများ၊ အရပ်ဘက် လူ့အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံတွင် ကူညီထောက်ပံ့ရေးလုပ်ငန်းများ တရားဝင်အခြေစိုက် ထူထောင်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။
Open Society Foundation သည် နိုင်ငံပေါင်း ၇၀ ကျော်တွင် တရားမျှတမှု၊ လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်တို့အတွက် ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဂျော့ဆိုးရော့စ်အနေဖြင့် ၁၉၇၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ယင်းကဏ္ဍများအတွက် အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဂျော့ဆိုးရော့စ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်လည်း ဆက်လက်တွေ့ဆုံသွားရန်ရှိကြောင်း သိရသည်။