Pages

Sunday, January 6, 2013

ကချင်ဒေသ အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ကူညီပံ့ပိုးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

 6.04
ကချင်ဒေသ အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ကူညီပံ့ပိုးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကရင်အမျိုးသား အစည်းအရုံးတို့ သတင်းစာ ရှင်းလင်းပွဲတွင် ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောကြားခဲ့သည်။
အဆိုပါ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် သတင်းစာ ရှင်းလင်းပွဲအား ဇန်န၀ါရီလ ၅ ရက်နေ့ ညနေ ၆း၀၀ နာရီတွင် ရိုင်ရယ်ကုမုဒြာ ဟိုတယ်တွင် ကျင်းပခဲ့သည်။
“ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ဖို့အတွက် ပထမအဆင့် အပစ်အခတ် ရပ်စဲရေးကို ဆောင်ရွက်ခဲ့တယ်။ ဒါပေမယ့် ဒီနေ့အထိ ပီပီပြင်ပြင် မရှိသေးဘူးလို့ ကျွန်တော်တို့ ပြောရမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အပစ်အခတ် ရပ်စဲရေးကို ပီပီပြင်ပြင် ဖြစ်တဲ့အထိ ဆက်ပြီး ဆွေးနွေးသွားဖို့ ဖြစ်ပါတယ်။ နောက်တစ်ခု ကချင်မှာဖြစ်တဲ့ကိစ္စ တွေ့ဆုံဆွေးနွေးဖို့ဟာ အနှောင့်အယှက် မဟုတ်သော်လည်း အဟန့်အတား ဖြစ်စေတဲ့ အပိုင်းတွေ တွေ့ရှိရတယ်။ ကျွန်တော်တို့အနေနဲ့ ဒီကိစ္စကို ဆက်ပြီး ကြိုးစားဆောင်ရွက် သွားပါမယ်” ဟု (KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောကြားခဲ့သည်။
“သမ္မတကြီးနဲ့ တွေ့တဲ့အခါ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဆက်လက်ဆောင်ရွက်ကြမယ် ဆိုတဲ့ အစီအမံတွေကို ပြောပါတယ် KNU ခေါင်းဆောင်များ တင်ပြထားတာတွေ ရှိပါတယ်။ ဒါတွေကိုလည်း သမ္မတကြီးက ဖြေကြားပေးပါတယ်။ နိုင်ငံရေးအရ ငြိမ်းချမ်းရေးအရ စာပွဲဝိုင်းမှာ ဆက်ပြီးလုပ်ကြမယ် အခြားအဖွဲ့တွေ ပါလာအောင်လည်း လုပ်ကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ပေးရပါတယ်။ ဒါကလည်း ဒီကိုလာတဲ့ KNU ခေါင်းဆောင်ကြီးများရဲ့ အစီအစဉ် ဖြစ်ပါတယ်။ ရထားပိုဆောင်ရေး ၀န်ကြီးဌာန၊ စီးပွားကူးသန်း ၀န်ကြီးဌာန၊ သတ္တုတွင်း ၀န်ကြီးဌာန အဲ့ဒီက ၀န်ကြီးတွေလည်း သွားတွေ့ပြီးတော့ နယ်မြေဒေသ ဖွံ့ဖြိုးရေး ကိစ္စတွေကိုလည်း မေးမြန်းတာ ရှိပါတယ်။ နောက်တစ်ခုကလည်း အကယ်၍့ ဖြစ်နိုင်ရင် ပြည်ထောင်စုနေ့ (၁၂) ရက်နေ့မှာ ကရင်တိုင်းရင်းသား ခေါင်းဆောင်အပါအ၀င် အခြားတိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်း ဖိတ်ကြားဖို့ရှိတဲ့ အကြောင်း သမ္မတကြီးက ပြောလိုက်ပါတယ်” ဟု ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးအောင်မင်းက ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယ ဥက္ကဌ ဦးအောင်မင်းက “လိုင်ဇာဒုက္ခသည် ၄၀၀၀၀ ဆိုတာ အရမ်းကို နည်းပါတယ်။ ဟိုဘက်မှာ ၄၀၀၀၀၊ ဒီဘက်မှာ ၄၀၀၀၀ အစိုးရနဲ့ နောက်ထပ်တိုက် ပွဲတွေဖြစ်ပြီး ထပ်တိုးလာတယ်လို့လည်း သတင်းကြားရတယ်။ ဒီလို လုံခြုံရေး စိတ်မချရလို့ ရွှေ့ပြောင်းရတဲ့ လူတွေက တစ်နှစ်လောက် ရှိနေပြီ။ အဲ့ဒီတစ်နှစ် အတွင်းမှာ ကလေးတွေလည်း စာမသင်ရ၊ ကျန်းမာရေး၊ လူမှုရေး၊ စားရေးသောက်ရေး အကုန်လုံး ချို့တဲ့ ဒါတွေကို ဖြေရှင်းဖို့အတွက် ဆွေးနွေးပွဲ အကြိမ်ကြိမ်တိုင်းမှာ ထည့်ပြောပါတယ်။ အစိုးရဘက်မှာ ရှိတဲ့ ၄၀၀၀၀ ကတော့ ဒီဘက်က လုပ်ပေးနေပါတယ်။ ဟိုဘက်မှာရှိတဲ့ အဖွဲ့တွေကိုလည်း အခြား NGO တွေက ထောက်ပံ့တာတွေလည်း ရှိပါတယ်။ UNHCR ကလည်း သူတို့ ထောက်ပံ့ချင်တယ်။ ခွင့်ပြုပေးပါလို့ ပြောပါတယ်။ နိုင်ငံတော်အစိုးရ အနေနဲ့ကတော့ ခွင့်ပြုပါတယ်။ ကချင်တိုင်းရင်းသား ခေါင်းဆောင်တွေက ခွင့်ပြုချက် လိုပါတယ်။ အဲ့ဒီဘက်မှာတော့ ကျွန်တော်တို့ လုံခြုံရေး တာဝန်ယူမယ်။ ဟိုဘက်မှာတော့ လုံခြုံရေးကို သူတို့ကို တာဝန်ပေးရမယ်။ ဘယ်အဖွဲ့လာလာ ခွင့်ပြုဖို့ ဆန္ဒရှိပါတယ်။ စည်းကမ်းချက်လေးတွေနဲ့ပေါ့” ဟု ပြောကြားခဲ့သည်။
“စစ်အခြေအနေ လျှော့ချဖို့ အပစ်အခတ် ရပ်စဲဖို့ နိုင်ငံတော်အစိုးရကိုရော သမ္မတကြီးကိုပါ မေတ္တာရပ်ခံ ထားပါတယ်။ အပစ်အခတ် ရပ်စဲရေးကို နည်းလမ်းရှာပြီးတော့ လက်တွေ့ အခြေအနေပေါ် သုံးသပ်ပြီး ဆောင်ရွက်သွားမယ်။ ကျွန်တော်တို့နိုင်ငံမှာ စစ်ပွဲတွေ ရှေ့ဆက်ဖြစ်မယ်ဆိုရင် အခြေအနေ ပိုဆိုးနိုင်တဲ့အပေါ် ပြည်သူတွေရဲ့ စိုးရိမ်ကြောင့်ကျမှုဟာ မှန်ကန်ပါတယ်။ ပြည်တွင်းစစ် အနှစ် (၆၀) ကျော် ပြည်သူတွေရဲ့ဘ၀အတွေ့ အကြုံအရ သူတို့ရဲ့ စဉ်းစားမှုဟာ မှန်ကန်ပါတယ်။ နိုင်ငံတော် အစိုးရက ချမှတ်ထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ကျွန်တော်တို့ တိုင်းရင်းသားတွေ အနေနဲ့ရော ကရင်အမျိုးသားတွေ အနေနဲ့ပါ လက်မခံနိုင်တာတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံရေး စားပွဲခုံပေါ်မှာ ရောက်ပြီဆိုတဲ့ အခါကျတော့ ကျွန်တော်တို့ ညီအစ်ကိုတွေ အချင်းချင်း ဖြစ်တဲ့ပြဿနာ အိမ်တွင်းရေး ပြဿနာအနေနဲ့ သဘောထားပါတယ်။ နိုင်ငံတော် အစိုးရကလည်း ဒီလိုဘဲ သဘောထားတယ်။ လက်မခံနိုင်တဲ့ ကိစ္စတွေကို နှစ်ဦးနှစ်ဘက် စာပွဲဝိုင်းမှာ ဖြေရှင်းသွားဖို့အတွက် ယုံကြည်ကြတယ်။ သဘောတူညီကြတယ်” ဟု ကရင်အမျိုးသား အစည်းအရုံးမှ ဖဒိုမန်းငြိမ်းမောင်က ပြောကြားခဲ့ပါသည်။