Pages

Tuesday, January 22, 2013

 ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံတော် သမ္မတသည် ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရဟူသည့် အချက်ကို တိကျရှင်းလင်းစွာ အနက်အဓိပ္ပါယ် ဖွင့်ဆိုပေးရန် အဆိုကို NLD လွှတ်တော်ကိုယ်စားလှယ် တင်သွင်း

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါဝင်သည့် နိုင်ငံတော် သမ္မတသည် ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ ဟူသည့် အချက်ကို တိကျရှင်းလင်းစွာ အနက်အဓိပ္ပါယ် ဖွင့်ဆိုပေးရန် အဆိုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က “နိုင်ငံတော် အကြီးအကဲနှင့် နိုင်ငံတော် အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော် သမ္မတ ဖြစ်သည်ဟု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၆ တွင် ပြဌာန်းထားပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်သမ္မတဟာ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ပါတီစွဲ၊ ၀ါဒစွဲ ကင်းရှင်းစေရန် အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၆ တွင် “နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုသမ္မတ များသည် နိုင်ငံရေး ပါတီတစ်ခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများ အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့် နေမှစ၍ မိမိရာထူး သက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ” ဟု လည်းကောင်း၊ ပုဒ်မ ၂၃၂ (ဋ) တွင် “ပြည်ထောင်စု ၀န်ကြီးများသည် နိုင်ငံရေး ပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စု ၀န်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခံရသည့် နေ့မှစ၍ မိမိရာထူး သက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ” ဟု ကန့်သတ် တားမြစ်ထားတာ တွေ့ရှိရပါတယ်။ ဒါမှလည်း နိုင်ငံတော်မှ ချမှတ်ထားတဲ့ အခြေခံမူများ၊ ဦးတည်ချက်များနဲ့ ညီညွတ်မျှတမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၆(က) မှာ “နိုင်ငံဝန်ထမ်းများသည် ပါတီနိုင်ငံရေး ကင်းရှင်းရမည်” ဟု အတိအလင်း ပြဌာန်းထားပါတယ်။ ဒါ့ကြောင့် နိုင်ငံတော် သမ္မတတစ်ဦးဟာ သက်ဆိုင်ရာ ပါတီအဖွဲ့အစည်း တစ်ခုခုရဲ့ ပါတီဥက္ကဌ တာဝန်ယူထားခြင်း၊ ပြည်ထောင်စု ၀န်ကြီးများဟာ ပါတီရဲ့ ဗဟိုအလုပ် အမှုဆောင် တာဝန်ကို ယူထားခြင်းတို့မှာ အထက်ဖော်ပြပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းချက်များ ဖြစ်တဲ့ နိုင်ငံဝန်ထမ်းများသည် နိုင်ငံရေး ကင်းရှင်းရမည်။ သမ္မတ၊ ဒုတိယ သမ္မတနှင့် ပြည်ထောင်စု ၀န်ကြီးများသည် မိမိရာထူး သက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ ဟူသည်တို့နှင့် ညီညွတ်ပါရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဥပဒေ ပညာရှင်များ အကြားတွင်လည်း သို့လော သို့လော ပြောသံတွေ ကြားနေရပါတယ်။ ဘာကြောင့်လဲဆိုတော့ ယင်းပါတီ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရဟူသော ၀ါကျတွင် ပါဝင် ဆောင်ရွက်ခြင်းဆိုတဲ့ စကားရပ်ကြောင့် ဖြစ်ပါတယ်။ ယင်းစကားရပ်ရဲ့ ပါဝင်ခြင်း၊ ဆောင်ရွက်ခြင်း နှစ်ပိုင်းတွင် ပါတီလုပ်ငန်းကို ဆောင်ရွက်ခြင်းရှိ၊ မရှိကို မျက်မြင် မဟုတ်၍ မပြောနိုင်ပေမယ့် ပါတီဥက္ကဌနှင့် ဗဟို အလုပ်အမှုဆောင် ဖြစ်ပြီဆိုကတည်းက ယင်းပါတီမှာ ပါဝင်ခြင်းရှိတာကတော့ သေချာပါတယ်။ ဘယ်လိုမှ ငြင်းကွယ်၍ မရနိုင်ပါ။
ဥပဒေဆိုတာ အများနားလည် လက်ခံနိုင်အောင် ရှင်းလင်းတိကျ ရပါတယ်။ ကိုယ်လိုရာ ကိုယ်ဆွဲတဲ့ အဓိပ္ပါယ်နှစ်ခွ ထွက်တာမျိုး မဖြစ်စေရပါ။ ဥပဒေဆိုတာ တစ်ဖက်တွင် တည်ငြိမ်မှုရှိပြီး တစ်ဘက်တွင် ပြောင်းလဲ တိုးတက်နေသော ခေတ်စနစ်တို့နှင့် ညီညွတ်မျှတ ရပါတယ်။ ဥပဒေကို မျှော့ကြိုးဆွဲသလို ကိုယ်ကြိုက်သလို ချုံခြင်း၊ ချဲ့ခြင်း မပြုလုပ်ရပါ။ တိုင်းပြည်အတွက် အသက်တမျှ အရေးကြီးတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုတာ ဤအင်္ဂါရပ် များထက် ပိုမိုပြည့်စုံရမှာ ဖြစ်ပါတယ်။ ပိုမိုတိကျရမှာ ဖြစ်ပါတယ်။ ပိုမိုရှင်းလင်းရမှာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ယင်းပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးလည်းဖြစ်တဲ့ ပုဂ္ဂိုလ်ကြီးအား အင်တာဗျူး အမေးအဖြေကို ‘နိုင်ငံရေးသမားများနဲ့ နိုင်ငံရေးစကား’ စာအုပ်တွင် ဖတ်ရှုခဲ့ ရပါတယ်။ ‘ပါတီဥက္ကဌ ပြန်ရွေးတဲ့အခါမှာ အခုလက်ရှိ ပါတီဥက္ကဌကြီး ဖြစ်တဲ့ နိုင်ငံတော် သမ္မတကြီးကရော ပြန်အရွေးခံဖို့ ရှိပါသလား’ လို့ မေးတယ်။ အဖြေမှာ ‘သူ့မှာ သမ္မတရာထူးက ရှိနေရင်တော့ ရွေးလို့မရဘူး။ ဥပဒေ စည်းမျဉ်းအရ သူရွေးလို့ မရတော့ဘူး။ ပြီးတော့ ၀န်ကြီးတွေ ၀င်ရွေးလို့ မရတော့ဘူး။ အခြေခံ ဥပဒေ ပုဒ်မ ၆၄၊ ၂၃၂(ဋ)တို့အရ ရွေးလို့ မရတော့ဘူး’ ဟု ဖြေပါတယ်။ ဒါဟာ အခြေခံ ဥပဒေက အသေအချာ ခွင့်ပြုပြဌာန်းတဲ့ အတိုင်း အများနားလည်တဲ့ အတိုင်း ရှင်းလင်းတိကျစွာ ဖြေကြားခြင်း ဖြစ်ပါတယ်။
ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံ ခေါင်းဆောင် လီနင်က “ဥပဒေ ဟူသည် အောင်ပွဲခံ၍ နိုင်ငံတော် အာဏာကို ပိုင်ဆိုင်သော လူတန်းစားတို့၏ ဆန္ဒကို ဖော်ထုတ်ချက် ဖြစ်သည်” လို့ ပြောခဲ့ပါတယ်။ ဒါအပြင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌ ဦးနေ၀င်းကလည်း “ဥပဒေကို လုပ်တယ်ဆိုတာဟာ အထက်စီးရတဲ့ လူတန်းစားက သူ့အခွင့်အရေးကို ကာကွယ်ဖို့ အမြဲလုပ်ထားတာ ဖြစ်တယ်” ဟု ဆိုခဲ့ပါတယ်။ ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်မည်ဆိုလျှင် ဤသို့သော အဆိုအမိန့်များကို သဘောသက်ရောက်သည့် ဥပဒေမျိုး မဖြစ်သင့်ပါ။ မဖြစ်ရပါ။
ဒါ့ကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၆၄ တွင် ‘နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုသမ္မတ များသည် နိုင်ငံရေး ပါတီတစ်ခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများအဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသည့် နေမှစ၍ မိမိရာထူး သက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ’ ဟု လည်းကောင်း၊ ‘ပြည်ထောင်စု ၀န်ကြီးများသည် နိုင်ငံရေးပါတီ တစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စု ၀န်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခံရသည့် နေ့မှစ၍ မိမိရာထူး သက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ’ ဟု လည်းကောင်း ပြဌာန်းထားခြင်းနှင့် ပတ်သက်ပြီး “ယင်းပါတီ အဖွဲ့အစည်းများ၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ” ဟူသည်နှင့် စပ်လျဉ်း၍ ပါဝင်ခွင့်လည်း မပြုရ၊ ဆောင်ရွက်ခွင့်လည်း မပြုရခြင်းလား။ ပါဝင်ခွင့်ရပြီး ဆောင်ရွက်ခွင့် မပြုခြင်းလား။ ပါဝင်ခွင့်လည်းပြုပြီး ဆောင်ရွက်ခွင့်လည်း ပြုခြင်းလား။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များနဲ့ ညီလား၊ မညီလား။ မည်ကဲ့သို့ အဓိပ္ပါယ် ဖွင့်ဆိုထားသည်ကို အများလက်ခံနိုင်အောင် တိတိကျကျ ရှင်းလင်းပေးပါရန် အဆိုတင်သွင်း အပ်ပါတယ်” ဟု အဆိုတင်သွင်းခဲ့သည်။
ထိုသို့ အဆိုတင်သွင်းမှုအပေါ် နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ပြန်လည် ဖြေကြားရာတွင်” ဦးဝင်းမြင့် အဆိုမှာ ပါရှိတဲ့ ဥပဒေပုဒ်မများမှာ ဖော်ပြပါရှိတဲ့ စကားလုံးများဟာ လူတိုင်းပဲ နားလည်နိုင်တဲ့ စကာပြေနဲ့ ရေးသားထားတဲ့အတွက် ခက်ဆစ် အနက် အဓိပ္ပါယ် ဖွင့်ဆိုရမယ့် ပါဋိစကားလုံးများ မပါဝင်ကြောင်း တွေ့ရှိရပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များကို အနက်အဓိပ္ပါယ် ဖွင့်ဆိုခြင်း လုပ်ငန်းတာဝန်ကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို အပ်နှင်းထားပါတယ်။ အနက် အဓိပ္ပါယ်ဖွင့်ဆိုတဲ့ လုပ်ငန်းတာဝန်ဟာ ခုံရုံးမှတစ်ပါး အခြားမည်သည့် အဖွဲ့အစည်းတွင်မျှ မရှိကြောင်း လေ့လာ တွေ့ရှိရပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက် တစ်ရပ်ရပ်ရဲ့ အနက်အဓိပ္ပါယ်ကို ခုံရုံးမှအပ အခြားအဖွဲ့အစည်း တစ်ခုခုက အနက်အဓိပ္ပါယ် ဖွင့်ဆိုခဲ့လျင် ဥပဒေအရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်သုံးစွဲရာ ရောက်တဲ့အပြင် အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်ကလည်း ဥပဒေအကျိုး သက်ရောက်မှု ရှိမည်မဟုတ်ပါ။ ဒါ့ကြောင့် အဆိုနှင့်စပ်လျဉ်း၍ ခုံရုံးပေါ်ပေါက်မှသာ ၎င်းခုံရုံးက အနက်အဓိပ္ပါယ် ဖွင့်ဆိုရန် သင့်တော်ပြီး ဥပဒေနှင့် ကိုက်ညီမည် ဖြစ်ကြောင်း အစီအရင်ခံ တင်ပြအပ်ပါတယ်” ဟု ပြန်လည် ရှင်းလင်းခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အဆိုနှင့် စပ်လျဉ်း၍ သုံးသပ် ပြောကြားရာတွင်” ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၂၅ မှာ ဖော်ပြထားတာ ရှိပါတယ်။ ဒါကို ဖတ်ကြား ရှင်းလင်းရမယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက် သဘောထား ရယူရန် ကိစ္စများကို နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌတို့က ခုံရုံးသို့ တိုက်ရိုက်တင်သွင်းခွင့် ရှိပါတယ်။ ဒါ့ကြောင့် မိမိတို့ ဆောင်ရွက်တဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ဦးဝင်းမြင့် အဆိုကို လွှတ်တော်မှာ မှတ်တမ်းတင်ထားပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးသို့ ပြည်သူ့လွှတ်တော် ဥက္ကဌမှ အဓိပ္ပါယ်ဖွင့်ဆိုချက် တောင်းခံသွားမည် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် လွှတ်တော်ကိုယ်စားလှယ် အခွင့်အရေး မဆုံးရှုံးရအောင် ပြည်သူ့လွှတ်တော် ဥက္ကဌအနေနဲ့ ဆက်လက်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့နောက် အဆိုတင်သွင်းသူ ဦးဝင်းမြင့်က “ခုံရုံးပေါ်လာရင် တင်ပြီးတော့ အနက်အဓိပ္ပါယ် ဖွင့်ဆိုပေးမယ်လို့ ပြောတဲ့အတွက် ၀မ်းသာပါတယ်။ ကျေးဇူးတင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး မြန်မြန်ပေါ်ပြီး မြန်မြန် အနက်အဓိပ္ပါယ် ဖွင့်ဆိုပေးနိုင်ရန် တင်ပြပေးပါလို့ တင်ပြအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။
Eleyen Media Group