Pages

Thursday, January 31, 2013

ကြေးနီစီမံကိန်း ဖြိုခွင်းမှုမှာ Phosphorous ပါတဲ့ ဗုံးကိုသုံးစွဲကြောင်း ရှေ့နေတွေ ထုတ်ဖေါ်ပြောဆို

                                                            Photo Courtesy/Aung Nay Myo
နိုဝင်ဘာ ၂၈ ရက်နေ့က လက်ပန်းတောင်းတောင် သပိတ်စခန်းတွေကို စောင့်ကြည့်နေသည့် လုံထိန်းတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့ ပူးတွဲလုပ်ကိုင်တဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံးဖြိုခွဲရာမှာ မီးလောင်ကျွမ်းစေနိုင်တဲ့ အဖြူရောင် Phosphorousပါတဲ့ မီးလောင်ဗုံးကိုသုံးစွဲကြောင်း အမေရိကန်အခြေစိုက် နယူးရောက်စ်တိုင်းမ်စ် သတင်းစာက ဇန်န၀ါရီလ ၃၀ရက်နေ့ ဒီကနေ့ ဖေါ်ပြလိုက်ပါတယ်။
အမေရိကန်နိုင်ငံသား လူ့အခွင့်အရေး ရှေ့နေတွေနဲ့ မြန်မာနိုင်ငံသားရှေ့နေတွေ ပူးပေါင်းတဲ့အဖွဲ့ဟာ သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတဲ့ မုံရွာခရိုင် ကြေးနီတောင် စီမံကိန်းနေရာမှာ စုံစမ်းစစ်ဆေးထားတဲ့ တွေ့ရှိချက်တွေကို အခုလို ထုတ်ဖော်ပြောဆိုလိုက်တာပါ။

အဲဒီ သပိတ်စခန်းဖြိုခွင်းရာမှာ အသုံးပြုခဲ့တဲ့ အဖြူရောင် Phosphorous ဟာ စစ်မြေပြင်တွေမှာသာ သုံးစွဲလေ့ရှိတယ်လို့ သတင်းစာက ရေးသားပါတယ်။ ဒေသခံတွေပြောဆိုချက်ကို ကိုးကားပြီးဖေါ်ပြရာမှာ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တဲ့ မီးလောင်ဗုံးလိုမျိုးအခွံကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဓါတ်ခွဲခန်းတစ်ခုမှာ စမ်းသပ်ကြည့်ရာမှာ အဲဒီလို အတည်ပြု ပြောနိုင်တာလို့ဆိုပါတယ်။
၁၉၉၃ ခုနှစ်နိုင်ငံတကာ ပဋိညာဉ်ပြဌာန်းချက်မှာ Phosphorus အမျိုးအစားကို ဓါတုလက်နက်လို့ သတ်မှတ်ထားတာမရှိပေမယ့် ထိခိုက်ဒဏ်ရာရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ သုံးစွဲခွင့်ကိုတော့ ပိတ်ပင်ထားကြောင်း ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့အခြေစိုက် နိုင်ငံတကာ ငြိမ်းချမ်းရေး လေ့လာရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောကြောင်း နယူးရောက်စ်တိုင်းမ်စ် သတင်းစာက ရေးသားပါတယ်။
RFA