Pages

Saturday, February 9, 2013

 မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်ကိုင် အဖြေရှာခဲ့ ကြသော်လည်း အဖြေရရှိခဲ့ခြင်း မရှိသည့် အတွက် နိုင်ငံရေး ဆွေးနွေး ဖြေရှင်းခြင်းကသာ ငြိမ်းချမ်းရေးရလဒ် ထွက်ပေါ်လာနိုင်ကြောင်း ဖိလစ်ပိုင် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ပြောကြား

မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား ပြည်တွင်းရေး ပြဿနာကို နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်ကိုင် တိုက်ပွဲဝင် အဖြေရှာခဲ့ကြသော်လည်း အဖြေရရှိခဲ့ခြင်း မရှိသည့်အတွက် စားပွဲဝိုင်းတွင် နိုင်ငံရေး ဆွေးနွေး အဖြေရှာခြင်းကသာ ငြိမ်းချမ်းရေး ရလဒ် ထွက်ပေါ်လာနိုင်ကြောင်း ဖိလစ်ပိုင် နိုင်ငံတပ်မတော်မှ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး Raymundo Ferrer က ပြောကြားခဲ့သည်။
ဇန်န၀ါရီလ ၈ ရက်နေ့ နံနက်ပိုင်းက ဗဟန်းမြို့နယ် ရွှေသံလွင် ကွန်ဒိုတွင် ကျင်းပပြုလုပ်ခဲ့သည့် လုံခြံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး လုပ်ဖော်ဆောင်မှု လုပ်ငန်းစဉ်တွင် အရေးပါမှုအား ဖိလစ်ပိုင် နိုင်ငံ၏ အတွေ့အကြုံ၊ သင်ခန်းစာများနှင့် ပတ်သက်သည်များကို ရှင်းလင်းသည့် ဆွေးနွေးပွဲတွင် အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး Raymundo Ferrer က ပြောကြားခဲ့ခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော်ကြာခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခကို လက်နက်နဲ့ ထပ်မံ အဖြေရှာမယ်ဆိုရင် ဘယ်လိုမှ အဖြေမထွက်နိုင်ဘူး။ စားပွဲဝိုင်းမှာ ဆွေးနွေးမှုတွေ လုပ်ဆောင်မှ ငြိမ်းချမ်းရေး ဆိုတဲ့အဖြေကို ရရှိလာနိုင်မှာ ဖြစ်တယ်။ အရေးကြီးတာက မြန်မာအစိုးရ အနေနဲ့ ငြိမ်းချမ်းရေးကို မူဝါဒ ချမှတ် လုပ်ဆောင်မယ်ဆိုရင် တိုင်းပြည်ရဲ့ ဘယ်နေရာမှာမဆို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ စစ်အင်အား အသုံးပြုတာမျိုး မဖြစ်သင့်ပါဘူး။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ လူတိုင်း ပါဝင်နိုင်ရမယ်။ အရက်ဘက် လူမှုအဖွဲ့ အစည်းတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေ၊ မီဒီယာတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ စတဲ့ အားလုံးရဲ့ ပါဝင်ပတ်သက်မှုရှိမှ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်နိုင်မယ်” ဟု ပြောကြားခဲ့ပါသည်။
အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး Raymundo Ferrer သည် ဖိလစ်ပိုင် တပ်မတော်တွင် ၃၉ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ၏ လက်နက်ကိုင် လေးဖွဲ့အနက် လက်နက်ကိုင် တပ်ဖွဲ့သုံးဖွဲ့ အခြေစိုက်ထားသည့် မင်ဒါနာအို ကျွန်းတွင် တိုင်းမှုးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်းနှင့် လက်ရှိ ဖိလစ်ပိုင်နိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသူ ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဖိလစ်ပိုင် နိုင်ငံ၌ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင်ရာတွင် အောင်မြင်မှု ရရှိနေပြီး MILF လက်နက်ကိုင်အဖွဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းပြ သဘောတူညီမှု မူဘောင်ကို ရရှိနေပြီး အစိုးရနှင့် MILF အဖွဲ့အကြား အာဏာခွဲဝေမှု ကြွယ်ဝမှု ခွဲဝေမှု ပိုင်နက်နယ်မြေ ခွဲဝေမှု စသည်များကို ယခုနှစ် ဇွန်လတွင် အပြီးသတ် ဆောင်ရွက်နိုင်မည်ဟု ဖိလစ်ပိုင်သမ္မတက ပြောကြားထားကြောင်း Raymundo Ferrer က ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသည် မြန်မာနိုင်ငံကဲ့သို့ တိုင်းရင်းသား မျိုးနွယ်စု စုံလင်ပြီး စပိန်နှင့် အင်္ဂလိပ်တို့၏ ကိုလိုနီ လက်အောက်သို့ ကျရောက်ခဲ့သည့် နိုင်ငံဖြစ်ပြီး ကိုလိုနီနိုင်ငံ နယ်ချဲ့၏ ဆိုးမွေများဖြစ်သည့် ပြည်တွင်းရေး ပဋိပက္ခကို နှစ်ပေါင်း ၃၀ ကျော်ကြာ ကြုံတွေ့ခဲ့သည့် နိုင်ငံဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလ အတွင်းက မြန်မာအစိုးရ တပ်များနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIO တို့ အကြား တိုက်ပွဲများ ပြင်းထန်ခဲ့သော်လည်း လက်ရှိအချိန်တွင် နှစ်ဖက် တပ်များအကြား တိုက်ပွဲဖြစ်ပွားမှု လျော့ကျနေပြီဖြစ်ကာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် အဖွဲ့တို့သည် ဖေဖော်ဝါရီလ ၄ ရက်က တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ခိုင်မြဲသည့် အပစ်အခတ် ရပ်စဲရေး ဖြစ်ပေါ် လာရေးအတွက် ဖေဖော်ဝါရီလ မကုန်မီ ဆွေးနွေးမှု ထပ်မံပြု လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့ အကြား နိုင်ငံရေး အကြိုဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စုပေါင်း ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အား အစိုးရအဖွဲ့မှ ကမ်းလှမ်းထားကြောင်း သိရသည်။
ထို့ပြင် အစိုးရအဖွဲ့နှင့် KIO အ ဖွဲ့တို့အ ကြား အပစ်အခတ် ရပ်စဲရေး နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ် ရပ်စဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ဆွေးနွေးမှုများ လုပ်ဆောင်နေစဉ် အစိုးရနှင့် ပဏာမ အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ထားသည့် KNU အဖွဲ့ကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ကြားဝင်ကူညီ ဆောင်ရွက်မှုများ ရှိနေသည်။
Eleven Media Group