Pages

Thursday, February 7, 2013

 Eleven Media Group Facebook အား နည်းပညာအသုံးပြုတိုက်ခိုက်ခဲ့သော်လည်း မိနစ်ပိုင်းအတွင်း ပြန်လည်ထိန်းနိုင်ခဲ့

Eleven Media Group Facebook အား ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေပိုင်းက နည်းပညာအသုံးပြုတိုက်ခိုက်ခဲ့သော်လည်း မိနစ်ပိုင်းအတွင်း ပြန်လည်ထိန်းနိုင်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုတွင် Myanmar Muslim Cyber Force အမည်ကိုဖော်ပြ၍  တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Eleven Media Group Facebook ၏ Cover Photo အား ပြောင်းလဲကာ Admin Account များကို ၀င်ရောက်ထိန်းသိမ်းကိုင်တွယ်ရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့နည်းပညာအသုံးပြုတိုက်ခိုက်ခဲ့မှုအား  Eleven Media Group IT Team မှ  မိနစ်ပိုင်းအတွင်း ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပါသည်။
တရားဝင်ရပ်တည်နေသော မီဒီယာများအားနည်းပညာအသုံးပြု တိုက်ခိုက်မှုအတွက် စာနယ်ဇင်းကောင်စီသို့ တိုင်ကြားစာပေးပို့ခဲ့သည့် နောက်ပိုင်းတွင် ယခုကဲ့သို့တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အဆင့်မြင့်နည်းပညာအသုံးပြုတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၅ ရက်နှင့် ၁၆ ရက်နေ့များကလည်း Red Army Team အမည်ရှိအဖွဲ့က Eleven Media Group Website အား နည်းပညာအသုံးပြုတိုက်ခိုက်ခဲ့ရာ အချိန် ၄ နာရီကျော်ကြာမျှ စာဖတ်သူများ ၀င်ရောက်ကြည့်ရှုခွင့်မရဘဲ ပြန်လည်ပြင်ဆင်ခဲ့ရသည်။ အလားတူ ဖေဖော်ဝါရီလ ၄ ရက်နေ့က The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာကိုလည်း MMCF နှင့် Anonymous Myanmar ဟု အမည်ပေးထားသော အဖွဲ့တို့မှနည်းပညာအသုံးပြုတိုက်ခိုက်ခဲ့ရာ နောက်ဆုံးတွင် The Voice Weekly ဂျာနယ်၏ Facebook သည် လူမှုကွန်ရက်စာမျက်နှာမှ ပြန်လည်ဖြုတ်သိမ်းထားရသော အခြေအနေနှင့်ရင်ဆိုင်နေရပါသည်။
ယခုဖြစ်စဉ်များအား ပြန်လည်သုံးသပ်ပါက မိမိတို့ သံသယဖြစ်ဖွယ်ထင်မြင်ယူဆချက်များ ပိုမိုခိုင်မာလာစေသည်ကို တွေ့ရကြောင်း၊ သတင်းမီဒီယာကောင်စီကို တိုင်ကြားမှုနှင့်ပတ်သက်၍ Myanmar Express  Website တွင် သတင်းဖော်ပြထားပြန်ရာ အဆိုပါသတင်းပါအရေးအသား၊ အသုံးအနှုန်းများသည် မည်သူများက ယခုကဲ့သို့ လုပ်ဆောင်နေသည်ကို ပိုမိုသိသာ ထင်ရှားစေသည့်အချက်များ ဖြစ်နေသည်ဟု Weekly Eleven ဂျာနယ် အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။
Eleven Media Group