Pages

Monday, March 25, 2013

တံတားနီနေ့ အခမ်းအနားကျင်းပခဲ့သူတွေကို တရားစွဲဆို

Photo : RFA/ Zarni Phyo Wai
24.3.2013
၂၀၀၇ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ တက္ကသိုလ်ကောင်းသားများ သမဂ္ဂမှ ကျောင်းသားခေါင်းဆောင် ကိုစည်သူမောင်ကို တံတားနီအရေးခင်း နှစ်ပတ်လည်နေ့ အခမ်းနား ကျင်းပခဲ့တာနဲ့ ပတ်သက်ပြီး ကမာရွတ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

တံတားနီ အရေးအခင်း (၂၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပခဲ့တာကြောင့် တရားစွဲခံခဲ့ရတာကို ကိုစည်သူမောက်က RFA ကို အခုလို ပြောပါတယ်။

" ဒီနေ့ညနေ ကမာရွတ်ရဲစခန်းက ဒုရဲအုပ် သန်းထိုက် ကျွန်တော်အိမ်ကိုရောက်လာပြီးတော့ တံတားနီ နှစ်ပတ်လည်အခမ်းအနား လုပ်တာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ကို တရားစွဲထားတယ်ဆိုတာကို လာပြီးတော့ အသိပေးတာတဲ့၊ မနက်ဖြန်ကို ကမာရွတ်ရဲစခန်းကို မနက် (၁၀) နာရီလာရမယ်ပေါ့၊ အဓိကကတော့ ကမာရွတ်မြို့နယ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေးက အခမ်းအနားလုပ်တာနဲ့ ပတ်သက်ပြီးတော့ တရားစွဲထားတယ်ပေါ့၊ အဲ့ဒါကြောင့် မနက်ဖြန် မနက် (၁၀) နာရီမှာ လာရောက် အစစ်ခံဖို့အတွက် အကြောင်းကြားတယ်ပေါ့"

ပြီးခဲ့တဲ့ မတ်လ (၁၆) ရက်နေ့က ပြုလုပ်ခဲ့တဲ့ တံတားနီ နှစ်ပတ်လည်နေ့ အခမ်းနားဟာ ရှစ်လေးလုံး အရေးတော်ပုံကို စတင်စေခဲ့တဲ့ တံတားနီ အရေးခင်းကို (၂၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အဖြစ်ကျင်းပခဲ့တာ ဖြစ်ပြီး ဒီအခမ်းနားကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေအပါဝင် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေပါ အခမ်းနားကို တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီလို သမိုင်းဝင်အခမ်းနားတခုကို ကျင်းပတာကို အာဏာပိုင်တွေ အနေနဲ့ တရားစွဲဆိုတာဟာ အသွင်ကူးပြောင်းရေးကို နောက်ပြန်ဆွဲစေတယ်လို့လည်း ကိုစည်သူမောင်က ပြောပါတယ်။

RFA Burmese