Pages

Thursday, March 21, 2013

ပဋိပက္ခများကို တားဆီးပြီး လမ်းကြောင်းမှန်ပေါ်ရောက်အောင် အမြန်ဆုံး ၀ိုင်းဝန်း ကာကွယ်တားဆီးကြရန် ၈၈ မျိုးဆက် ကျောင်းသားများ မေတ္တာရပ်ခံ

မလိုလားအပ်သော ပဋိပက္ခများကို တားဆီးပြီး လမ်းကြောင်းမှန်ပေါ်ရောက်အောင် အမြန်ဆုံး ကာကွယ်တားဆီးကြရန် မေတ္တာရပ်ခံကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောသည်။

မတ်လ ၂၀ ရက်က မိတ္ထီလာမြို့ တွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ ယင်းနေ့ညပိုင်းက ၎င်းတို့ရုံးခန်း၌ ၈၈ မျိုးဆက် ကျောင်းသားများ၏ သဘောထားကို ပြောကြားရာတွင် ယင်းကဲ့သို့ ကိုမင်းကိုနိုင်က ပြောကြားခဲ့သည်။

''ကျွန်တော်တို့ ပြည်ထောင်စုဟာ အများကြီး အရင်းအနှီးတွေနဲ့ ပေးဆပ်ပြီးတော့ အခုမှ လမ်းကြောင်းမှန်ပေါ်ရောက်အောင် ကြိုးစားနေတုန်းပဲ ရှိပါသေးတယ်။ သက်တမ်းနုနယ်လှတဲ့ ကျွန်တော်တို့ရဲ့ အသွင်ကူးပြောင်းရေးကာလကို အဲဒီလို ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးနေတဲ့ ပဋိပက္ခတွေရဲ့ ချောက်ကမ်းပါးထဲကို အရောက်ခံလို့ မရပါဘူး။ ချောက်ထဲကျရင် လက်တစ်လုံးအလိုမှာ ကယ်ချင်နေတဲ့သူတွေက အသင့်စောင့်နေပါတယ်။ ထပ်ပြီးတော့လည်း ကျွန်တော်တို့ အကယ်ခံလို့လည်း မရတော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ညီညီညွတ်ညွတ်နဲ့ မလိုလားအပ်တဲ့ ပဋိပက္ခတွေကို တားဆီးပြီးတော့ လမ်းကြောင်းမှန်ပေါ်ရောက်အောင် အမြန်ဆုံး ၀ိုင်းပြီး ကာကွယ်တားဆီးကြဖို့ မေတ္တာရပ်ခံပါတယ်'' ဟု ၎င်းက ပြောသည်။

ပြဿနာကို ဖြေရှင်းရာတွင် တရားဥပဒေစိုးမိုးရေး နည်း လမ်းဖြင့်သာ ဖြေရှင်းသင့်ကြောင်း၊ စစ်အုပ်ချုပ်ရေးကို လက်ယပ်ခေါ်သည့် အပြုအမူမျိုးကိုမူ  လုံးဝခွင့်မပြုနိုင်ကြောင်း၊ ယနေ့ ဖြစ်နေသည်များမှာ မည်ကဲ့သို့ အုပ်စုဖွဲ့တိုက်ခိုက်မှုများ ဖြစ်နေစေကာမူ ဘာသာရေး၊ လူမျိုးရေး ခေါင်းစဉ်များတပ်ကာ နှစ်ဖက် အကြမ်းဖက်မည့်ပုံစံ  တိုက်ခိုက်နေသည်ကိုတောင်မှ ယင်းဒေသဆိုင်ရာ အုပ်ချုပ်ရေးယန္တရားက လုံခြုံရေးတပ်ဖွဲ့များ၏ တုန့်ပြန်မှုက အလွန် သံသယဖြစ်စရာကောင်းကြောင်းလည်း ၎င်းက ပြောသည်။

ကိုမင်းကိုနိုင်က '' ဘယ်သူတွေ ဘယ်လိုပဲ သွေးထိုးလှုံ့ဆော်မှုတွေက အခြေခံခဲ့ပါစေ၊ ရာဇ၀တ်မှုတစ်ခု ဖြစ်ပြီဆိုရင် ရာဇ၀တ်မှုအတိုင်းပဲ ရှုမြင်သုံးသပ်ဖို့ လိုပါတယ်။ အဲဒါဟာ တရားဥပဒေစိုးမိုးရေးအတွက် ၀ိုင်းကူညီကြဖို့လိုတယ်။ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ရ မယ့် တာဝန်ရှိ ပုဂ္ဂိုလ်တွေကလည်း အဲဒါကို ရှင်းရှင်းလင်းလင်း ရဲရဲတင်းတင်း ကိုင်တွယ်ဖို့လိုတယ်။ အဲဒါကို မကိုင်တွယ်နိုင်ဘူးဆိုရင် လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းပုံစံကို အသွင်ပြောင်းလိုက်မယ့် ပယောဂ၊ လှုံ့ဆော်မှုတွေက ကျွန်တော်တို့ တိုင်းပြည်မှာ တကယ်ရှိနေတယ်'' ဟု ဆိုသည်။
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခအခြေအနေနှင့် ပတ်သက်ပြီး ကြားဝင်ညှိနှိုင်းဖြေရှင်းပေးနိုင်ရန် ကိုမင်းကိုနိုင်အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားများသည် ယနေ့ (မတ်လ၂၀ ရက်) ည ၁၁ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် မိတ္ထီလာမြို့သို့ ထွက်ခွာသွားကြပြီဖြစ်ကြောင်း သိရသည်။
Eleven Media Group