Pages

Sunday, March 31, 2013

နေ့အပူချိန် မြင့်တက်လာခြင်းကြောင့် မတ်လတတိယပတ်မှ စတင်၍ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက် ထုတ်ပြန်

နေ့အပူချိန်မြင့်သည့်ကာလတွင် သွားလာနေသူများအား ရန်ကုန်မြိုအတွင်း တွေ့ရစဉ်


နေ့အပူချိန် မြင့်တက်လာခြင်းကြောင့် မတ်လတတိယပတ်မှ စတင်ကာ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်များကို ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် ဧပြီလသည် အပူဆုံးကာလဖြစ်ပြီး မေလ၀န်းကျင်အထိ အပူချိန်မြင့်မားမှုကို ခံစားရကာ အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရန် ထုတ်ပြန်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ပူပြင်းသည့်အချိန်၌ အရွယ်မရွေး အပူရှပ်ခြင်းကို အနည်းနှင့် အများ ခံစားကြရမည်ဖြစ်ကာ အထူးသဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများတွင် ရောဂါခံစားရမှု ပိုမိုတတ်ကြောင်း သိရသည်။

အပူချိန် မြင့်မားမှုကြောင့် ခန္ဓာကိုယ်တွင်းရှိချွေးများ ပြင်ပသို့ မထွက်ရှိဘဲ ခန္ဓာကိုယ်အပူချိန်များ မြင့်မားလာကာ အဖျားကြီးခြင်း၊ ချွေးထွက်လွန်ပြီး ခန္ဓာကိုယ်တွင်းရှိ ရေနှင့်ဓာတ်ဆား ဆုံးရှုံးမှုကြောင့် မိတ်နှင့်ယားဖုများ ထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမော်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ပြီး ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်းတို့ အပြင် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေထိ ဖြစ်တတ်ကြောင်း သိရသည်။

နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေဆိပ် စသည်တို့တွင် ရေချိုးခြင်းမှ ရှောင်ကြဉ်၍ အရိပ်ရ၍ အေးမြသော နေရာတွင် နေထိုင်ခြင်း၊ နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်းမှ ရှောင်ကြဉ်ရန်၊ နေပူထဲတွင် ပြင်းထန်သည့် ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်ရန်၊ အရက်သောက်ခြင်းသည် အပူဒဏ်အန္တရာယ်ကို ဖြစ်ပေါ်လွယ်စေခြင်းနှင့် ဖြစ်ပွားပါက ပြင်းထန်စွာ ခံစားရခြင်းကြောင့် ရှောင်ကြဉ်ရန်၊ နေ့ခင်းဘက် အပြင်ထွက်သည့်အခါ အရိပ်လုံလောက်စွာ ရရှိနိုင်သည့်ထီး၊ ဦးထုပ်များဆောင်းရန်၊ အလင်းရောင် ပြန်သော အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့ဖျော့ အ၀တ်အထည်များကို ၀တ်ဆင်ခြင်း၊ ပွပွချောင်ချောင် ချည်ထည်များကို ၀တ်ဆင်ရန် လိုအပ်ကြောင်း သိရသည်။

နေ့အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ်သည် ပုံမှန်ကိုယ်တွင်း အပူချိန်ဖြစ်ပြီး ၃၈ ဒီဂရီစင်တီဂရိတ်တွင် ချွေးထွက်ခြင်း၊ စိတ်မသက်မသာဖြစ်ခြင်း၊ အနည်းငယ် ဆာလောင်ခြင်း၊ ၃၉ ဒီဂရီ စင်တီဂရိတ် ဖြစ်ပါက ချွေးအလွန်အမင်း ထွက်ခြင်း၊ အရေပြား နီရဲခြင်း၊ နှလုံးခုန်နှုန်းနှင့် အသက်ရှုနှုန်းများ မြန်လာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မောပန်းခြင်း၊ အတက်ရောဂါ ရှိသူများတွင် အတက်ရောဂါထခြင်း၊ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ဖြစ်ပါက အသက်အန္တရာယ် စိုးရိမ်ရသောအဆင့်သို့စတင်ရောက်ရှိနေပြီး မောပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ချွေးအလွန်အမင်းထွက်ခြင်း စသည့်လက္ခဏာများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ ပို့ဆောင်ရေးဝန်ကြီးဌာန ၊ မိုး လေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထုတ်ပြန်ချက်အရ မတ်လ ၂၆ ရက်နေ့တွင်ရန်ကုန်မြို့၌အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် ရှိပြီး မန္တလေး မြို့တွင် အပူချိန် ၃၉ ဒီဂရီစင်တီ ဂရိတ်ရှိသည်ဟု သိရသည်။

Eleven Media Group