Pages

Tuesday, May 21, 2013

တည်ဆဲပုံနှိပ် ဥပဒေများကို ရုပ်သိမ်းနိုင်မည့်ဥပဒေ မကြာမီ လွှတ်တော်တွင် ဆွေးနွေးရန်ရှိဟု ပြန်ကြားရေးဝန်ကြီး ပြောကြား


သတင်းနှင့် ဓာတ်ပုံ - Sa Maung  

Tuesday, 21 May 2013 03:00

မေ ၂၀ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မီဒီယာဖွံ့ဖြိုးရေး ညီလာခံတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် အမှာစကား ပြောကြားနေစဉ်

တည်ဆဲပုံနှိပ် ဥပဒေများကို ရုပ်သိမ်းနိုင်မည့်ဥပဒေ မကြာမီ ကာလအတွင်း လွှတ်တော်အတွင်း ဆွေးနွေးသွားရန်ရှိဟု မေ ၂၀ ရက်က ရန်ကုန်ကန်တော်ကြီးပဲလေ့စ် ဟိုတယ်တွင် ကျင်းပခဲ့သည့် ''ဒုတိယအကြိမ် မီဒီယာဖွံ့ဖြိုးရေး ညီလာခံ'' တွင် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က ပြောကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က ''စာပေစိစစ်အဖွဲ့ကို ဖျက်သိမ်းခဲ့မှုနဲ့အတူ ပုံနှိပ်ထုတ်ဝေခွင့်ကို အွန်လိုင်းကတစ်ဆင့် လွယ်ကူလျင်မြန်စွာ လုပ်နိုင်ကြခြင်းဟာ မီဒီယာ ပြုပြင်ပြောင်းလဲရေး ပထမအဆင့် ခြေလှမ်းတစ်ခု ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

''လွတ်လပ်တဲ့ ပုဂ္ဂလိက နေ့စဉ်သတင်းစာများ ပြန်လည်ပေါ်ထွက်လာမှု နဲ့အတူ တည်ဆဲတင်းကျပ်တဲ့ ပုံနှိပ်ဥပဒေများ ရုပ်သိမ်းရေးသည် မီဒီယာပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တည်ဆဲပုံနှိပ် ဥပဒေများ ရုပ်သိမ်းနိုင်ရေးနဲ့ ပတ်သက်ပြီး စာနယ်ဇင်း ကောင်စီနဲ့ ညှိနှိုင်းသဘောတူညီချက်အချို့ ရရှိခဲ့ကြပြီး ဖြစ်တဲ့အပြင် ဒီဥပဒေများကို ရုပ်သိမ်းနိုင်မယ့် ဥပဒေကိုလည်း မကြာမီ ကာလအတွင်း လွှတ်တော်မှာ ဆွေးနွေးသွားဖို့ ရှိပါတယ်'' ဟု ပြန်ကြားရေးဝန်ကြီးက ဆက်လက်ပြောကြားသည်။

ဖေဖော်ဝါရီ ၂၇ ရက်က ပြန်ကြားရေး ၀န်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေမူကြမ်း ရေးဆွဲထုတ်ပြန်ခဲ့ရာ ယင်းဥပဒေမူကြမ်းသည် သတင်းလွတ်လပ်ခွင့်အား သွယ်ဝိုက်ပြီး ထိန်းချုပ်လိုသည့် အချက်အလက်များ ပါဝင်နေသည်ဟုဆိုကာ သတင်းမီဒီယာ အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေး အဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး ယင်းဥပဒေကြမ်း ရုပ်သိမ်းရေး တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ရေးဆွဲသည့် မီဒီယာဥပဒေအား ပြန်ကြားရေး ၀န်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့်အပြိုင် လွှတ်တော်သို့ တင်သွင်းခွင့်ရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဧပြီလ အစောပိုင်းတွင် ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် နိုင်ငံပိုင် မီဒီယာများအား အများပြည်သူ ၀န်ဆောင်မှု မီဒီယာအဖြစ်သို့ ပြောင်းလဲနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို မေ ၂၀ ရက်က နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ထားသည်။
သတင်းနှင့် ဓာတ်ပုံ - Sa Maung