Pages

Wednesday, May 15, 2013

မြေပုံမြို့နယ် ငမန်းရဲကျွန်းမှ ဒေသခံ ၄၀၀၀ ကျော်ကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်း

 
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ငမန်းရဲကျွန်းမှ ဒေသခံ ၄၀၀၀ ကျော်ကို ရခိုင်ပြည်နယ် အစိုးရ၏ အစီအစဉ်ဖြင့် ဘေးလွှတ်ရာ ဒေသများသို့ ရွှေ့ပြောင်းလိုက်ပြီဟု ရွှေ့ပြောင်းရေးကို စီစဉ် ဆောင်ရွက်နေသူ ပေါက်တောမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က နိရဉ္စရာသို့ ပြောသည်။

“ အခုရွှေ့ပြောင်းနေတာက အသက်အရွယ် ကြီးရင့်နေသူတွေနဲ့ အမျိုးသမီးတွေ၊ကလေးတွေ ဖြစ်ကြပါတယ်။လေးထောင် ကျော် ငါးထောင်နီးပါး ရွှေ့ပြောင်းခဲ့ပြီ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
ယမန်နေ့က လူပေါင်း ၂၅၀၀ ကျော်ခန့်ကို မင်းပြားမြို့ပေါ်သို့ ပြောင်းရွှေ့ပေးခဲ့ပြီး တစ်ခြားသူများကို တောင်စိုင်ကမ်းရှိ ကျေးရွာများသို့ ပြောင်းရွှေ့ပေးခဲ့သည်ဟု ဆိုသည်။

“ ဒီကနေ့ ငမန်းရဲကျွန်းက လူတွေကို ရွှေ့ပြောင်းပေးနေတာက မင်းပြားနဲ့ မြေပုံမြို့နယ် အကြားက တောင်စိုင်ကမ်းမှာ ရှိတဲ့ ကျောက်ခေါင်း၊ ညောင်ချောင်၊ ခမောင်းတော စတဲ့ ရွာတွေကို ရွှေ့ပါတယ်။ လူပေါင်းကတော့ ၂၀၀၀ ကျော်ရှိပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် သွားရောက် ရွှေ့ပေးတာပါ” ဟု ဆိုသည်။

ယခုလက်ရှိ ငမန်ရဲကျွန်းတွင် အမျိုးသမီးများ၊ ကလေးငယ်များ မကျန်တော့ဘဲ ယောကျာင်္း သန်သန်မာမာများ ကျန်ရှိနေ ခဲ့သည်ဟု ဆိုသည်။ ငမန်းရဲကျွန်းသည် ပင်လယ်ထဲတွင် တည်ရှိပြီး ၁၉၆၇ ခုနှစ် မေလ ၁၀ ရက်နေ့က တိုက်ခတ်ခဲ့သော မုန်တိုင်း အတွင်း ကျွန်းပေါ်တွင် တည်ရှိသော ရွာ (၈) စလုံး ရေအောက်ကို ရောက်ရှိသွားခဲ့ပြီး လူပေါင်း ၃၀၀၀ ခန့် သေဆုံးခဲ့သည်ဟု သိရသည်။

ယခု ပြောင်းရွှေ့မူအား ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးထိန်လင်း၏ ညွှန်ကြားချက်ဖြင့် ပေါက်တောမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်၊ မြေပုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်း၊ ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွှင်၊ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးမောင်လှကျော် တို့မှ ဆောင်ရွက်နေခြင်း ဖြစ်သည်။

နိဉ္စရာ သတင်းဌာန