Pages

Thursday, May 9, 2013

ဒက္ကားမြို့တော်တွင် အစ္စလာမ်မစ် အဖွဲ့ဝင် ၃၀၀၀ ထိ အသတ်ခံခဲ့ရသည်ဆိုသော စွပ်စွဲချက် ထွက်ပေါ်

ဘင်္ဂလာဒေခ်ျ့ ဒက္ကားမြို့တော်တွင် လွန်ခဲ့သော တနင်္ဂနွေနေ့ ညနေမှ တနလာင်္နေ့ နံနက်ထိ Hefajat –e- Islam အစ္စလာမ်မစ် အဖွဲ့ဝင်များအား နှိမ်နှင်းသော ညလုံးပေါက် စစ်ဆင်ရေးတွင် လူပေါင်း အနည်းဆုံး ၈၀၀ မှ ၃၀၀၀ အထိ သေဆုံးခဲ့သည်ဟု စွပ်စွဲချက်များ ထွက်ပေါ်နေသည်။
Hefajat-e-Islam 
အဆိုပါ စွပ်စွဲချက်မှာ အခြေအမြစ် မရှိသော  စွပ်စွဲချက်သာ ဖြစ်ကြောင်း ဒက္ကားမြို့တော် ရဲမင်းကြီး Benazir Ahmed က ပြောဆိုပြီး ယမန်နေ့က ပယ်ချလိုက်သည်။
Hefajat –e- Islam အစ္စလာမ်မစ် အဖွဲ့ဝင် အနည်းဆုံး လူပေါင်း ၃၀၀၀ အထက်ကို ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ပြီး အလောင်းများကို ဖျောက်ဖျက်ထားသည် ဆိုသော သတင်းများကို လူမူကွန်ယက် ဆက်သွယ်ရေး ကရိယာများ ဖြစ်သော ၀က်ဆိုက်များ၊ Facebooks များတွင် ဖေါ်ပြနေကြသည်။
အဆိုပါ သတင်းများ လူထု အကြားကောလဟလ ပျံ့နှံ့လာပြီးနောက် ဒက္ကားမြို့တော် ရဲတပ်ဖွဲ့ရုံး အတွင်း ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။
“ သေဆုံးသူ ၁၁ ဦးရှိပါတယ်။ အဲဒီအထဲမှာ ရဲသား တစ်ဦးပါဝင်ပါတယ်။ ဒီလို လူအများအပြား အသတ်ခံရတယ်ဆိုတဲ့ အခြေအမြစ် မရှိတဲ့ သတင်းတွေ ဘယ်ကရသလဲ။ ဒါတွေဟာ ၀ါဒ ဖြန့်ချီရေး သက်သက်ပါ” ဟု သူက သတင်းထောက်များသို့ ပြောဆိုသည်။
“ ဒီလောက်များပြားတဲ့ လူတွေ အသတ်ခံရရင် သူတို့မှာ မိဘတွေ မရှိကြဘူးလား။ မိသားစု ဆွေမျိုး ညီအစ်ကို မောင်နှမတွေ မရှိကြဘူးလား။ တစ်ယောက်မှ သူတို့ကို လာရှာတာ မတွေ့ရပါလား” ဟု သူက ဆက်ဆိုသည်။
Hefajat-e-Islam-horror 
အကယ်၍ အစ္စလာမ်မစ် အဖွဲ့ဝင်များအား ဒက္ကားမြို့ရှိ မိုတီဂျီး ရပ်ကွက်တွင် နံနက်အချိန်ထိ နေထိုင်ခွင်ပြုပါက ဘင်္ဂလာဒေခ်ျ့ အတွင်းဝန်ရုံး၊ ဗဟိုဘဏ်နှင့် တစ်ခြားဘဏ်များ၊ ကုန်တိုက်များနှင့် ဈေးဆိုင်များကို တိုက်ခိုက် လုယက်ကြရန် အစီအစဉ်ရှိသည်ကို သတင်းရထားသဖြင့် သူတို့အား ဖြိုခွဲရခြင်း ဖြစ်ကြောင်းသူက ပြောဆိုသည်။
ဖြိုခွဲရာတွင်လည်း လူအသေအပျောက် နည်းနိုင်သမျှ နည်းအောင် ရော်ဘာကျည်ဆံများကို အသုံးပြုခဲ့ကြောင်း၊ လူစုခွဲရန်လည်း ညဥ့် တစ်နာရီ အချိန်ထိ အသံချဲ့စက်များမှ ကျေညာခဲ့ကြောင်း၊ လိုက်နာမူ မရှိသဖြင့် နောက်ပိုင်းတွင် အင်အားသုံး ဖြိုခွင်းခဲ့ရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
တနင်္ဂနွေနေ့မှ တနင်္လာနေ့ထိ ပြုလုပ်ခဲ့သော ဖြိုခွင်းမူတွင် လူအများအပြား သေဆုံးသွားခဲ့သည်ဆိုသော သတင်းများ ဘင်္ဂလာဒေခ်ျ့ ပြည်သူများ အကြားတွင် ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပြီး အတိုက်အခံ ပါတီ ဘီအန်ပီမှ အစိုးရ အနေဖြင့် အဆိုပါ သတင်း ဟုတ် မဟုတ်ကို ရှင်းလင်းပေးရန် တောင်းဆိုထားသည်။