Pages

Monday, May 13, 2013

မဟာဆန် ဆိုင်ကလုန်း မုန်တိုင်းအပေါ် ရခိုင်ပြည်သူလူထု စိုးရိမ်မှု ပိုကဲလာ

 
ရခိုင်ပြည်နယ်သို့ ဖြတ်သန်းတိုက်ခတ်မည့် မဟာဆန် ဆိုင်ကလုန်းမုန်တိုင်း ကျရောက်မည့်နေ့ နီးလာသည်နှင့်အမျှ ရခိုင် တပြည်နယ်လုံးရှိ ဒေသခံများ စိုးရိမ်ထိတ်လန့်လျက် ရှိကြောင်း သိရသည်။

မုန်တိုင်း ဝင်ရောက်မည့် နေ့ကို မိုးလေဝသ ပညာရှင်များက မေလ ၁၅၊ ၁၆ ရက်များဟု ခန့်မှန်းထားကြသည်။

အထူးသဖြင့် ရခိုင်ကမ်းရိုးတန်း ပင်လယ်ကမ်းစပ် မြို့နယ်များမှ ပြည်သူများမှာ ကုန်းတွင်းပိုင်းသို့ ရွှေ့ပြောင်း လျက်ရှိပြီး ရေလုပ်ငန်း အဓိက လုပ်ကိုင်နေသူများမှာ ငါးဖမ်းလုပ်ငန်းများကို ရပ်နားထားရ၍ စားဝတ်နေရေး အခက်အခဲဖြင့် ရင်ဆိုင်နေရကြောင်း ကျောက်ဖြူဒေသခံတဦးက ဆိုသည်။

မေလ ၁၂ ရက်နေ့ မနက်ပိုင်းတွင် မိုးသားတိမ်တိုက်အချို့ တက်လာပြီးနောက် နေ့လည် ၁၁ နာရီခန့်တွင်
နေပူရှိန် ပိုမြင့်လာခဲ့သည်ကို တွေ့ရသည်။

စစ်တွေအပါအဝင် ရခိုင်ပြည်နယ် မြို့နယ်အတော်များများတွင် လေငြိမ်၍ အပူရှိန် မြင့်မားလာသဖြင့်
သောက်သုံးရေများ ပြတ်လပ်လျက်ရှိသည်။

“အစိုးရအနေနဲ့ ကြိုတင်သတိပေးချက်တွေ ထုတ်ပြန် ကြေညာနေပါတယ်။ ဒေသခံတွေကလည်း သတိအနေ အထားမှာ ရှိတယ်။ မုန်တိုင်း လာမယ့်အနေအထား မတွေ့ရသေးပေမယ့် အပူရှိန် ပြင်းလာတာမို့ သောက်ရေ ရှားပါးမှု ပိုဆိုးလာတယ်။ အရင်ကထက်စာရင် အစိုးရက ပိုပြီးဂရုစိုက်တဲ့သဘော တွေ့ရတယ်” ဟု စစ်တွေ
ဒေသခံတဦး က ပြောသည်။

မေလ ၁၁ ရက်နေ့မှစ၍ ပြည်နယ်အစိုးရ အဖွဲ့မှ မုန်တိုင်း ကြိုတင်သတိပေးချက်များ ထုတ်ပြန်ကြေညာထားပြီး လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားပြီးဖြစ်ကြောင်း ပြည်နယ်အစိုးရ တာဝန်ရှိသူတဦးက ဆိုသည်။

ကျောက်ဖြူဒေသခံတဦးက “ကျနော်တို့မြို့နယ်မှာ မနေ့ကစပြီး မုန်တိုင်းသတိပေးချက်တွေ ကျေးလက်ဒေသ အထိ ကြေညာခဲ့တယ်။ ဒီကနေ့မှာတော့ ပင်လယ်ပြင်မှာရှိတဲ့ စစ်သင်္ဘောတွေ၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်
တွေ၊ စက်လှေတွေအားလုံး ဆိပ်ကမ်းတွေမှာဝင်ရောက် နားခိုနေကြတယ်။ အပူရှိန်မြင့်လာပြီးတော့
လေတိုက်နှုန်း ကျဆင်းလာတယ်။ လူတွေက သတိနဲ့ နေကြတယ်။ မုန်တိုင်း မကျရေး ယတြာလုပ်တာ
တွေလည်း တွေ့ရတယ်” ဟု ပြောသည်။

မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ မုန်တိုင်းလမ်းကြောင်းကျရာ မောင်တောမြို့နယ်ရှိ ပင်လယ်ကမ်းနား ကျေးရွာများမှ ဒေသခံများမှာ ကုန်းတွင်းပိုင်း ဒေသသို့ ရွှေ့ပြောင်းလျက်ရှိကြောင်း
မောင်တောမြို့မှ ရဲအရာရှိတဦးက မဇ္ဈိမကို ပြောသည်။
သိန်းလှိုင်  (http://www.mizzimaburmese.com)