Pages

Friday, May 17, 2013

ရှမ်းပြည်ကလော ရှိ ရွှေတွင်း လုပ်ငန်းခွင်အန္တရာယ် စိုးရွံ့၍ လုပ်သားရာကျော် နှုတ်ထွက်

 
 ရှမ်းပြည်နယ် ကလောမြို့တွင် ဖြစ်သော မုန်တိုင်းဒဏ်ကြောင့် ရွှေတွင်း လုပ်သား သေဆုံးခဲ့ပြီး နောက် လုပ်သား ၁၂၀ လုပ်ငန်းမှ နှုတ်ထွက်ခဲ့ကြကြောင်း အာရှကမ္ဘာမြေ စက်မှုနှင့် သတ္တုတူးဖော်ရေးလုပ်ငန်း ကုမ္ပဏီ မှ ဥက္ကဌ ဦးမြင့်ဦးက ပြောသည်။

“သဘာဝအန္တရာယ် နဲ့ကြုံရပြီး ၊ သူတို့မျက်စိရှေ့မှာ လူသေတာတွေလည်း မြင်ရတဲ့အတွက် လူသဘာဝ အရ ဒီနေရာမှာမလုပ်ချင်တော့လို့ ထွက်ကြတာ” ဟု ၄င်းက ဆက်ပြောသည်။

မေ လ ၂ ရက်နေ့ နံနက်စောပိုင်းတွင် တိုက်ခိုက်ခဲ့သော မုန်တိုင်းကြောင့် တွင်းပြိုခြင်း ၊ သစ်ပင်ပိခြင်း တို့ကြောင့် ၁၇ ဦး သေဆုံးပြီး ၊ ဒဏ်ရာ ရရှိသူ ၈ ဦးခန့် ရှိခဲ့ကြောင်းြ့ပည်တွင်းမီဒီယာ အချို့၌ ဖော်ပြခဲ့ကြောင်း သတင်းများတွင် လူရာကျော်သေဆုံးသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ကုမ္ပဏီမှ ငြင်းဆိုသည်။

“ဖြစ်စဉ်က တစ်နာရီလောက်ပဲကြာတယ် ၊ ၁၂ ခွဲကနေ ၄၅ မိနစ် လောက်ထိပဲ မုန်တိုင်းဒဏ်ကို ၁၅ မိနစ်လောက်ပဲ ခံရတာ ၊ သေဆုံးရတာ အများစုက သစ်ပင်ပိသေတာပါ” ဟု ဦးမြင့်ဦးက ပြောသည်။
မုန်တိုင်းတိုက်ခတ်နေစဉ်ချိန်တွင် ၄င်းလည်း လုပ်ငန်းခွင်တွင်ရောက်ရှိနေ၍ မုန်တိုင်းဒဏ်ခံရသော်လည်း အသက်ဘေးမှလွတ်မြောက်လွတ်ခဲ့ပြီး ၊ လက်ရှိ သေဆုံးသူ ၁၇ ဦး အတွက် အာရှကမ္ဘာမြေ မှ လျော်ကြေးငွေ အဖြစ် အရာရှိတစ်ဦးကို သိန်း ၂၀ နှင့် ကျန်ဝန်းထမ်းများကို ၁၀ သိန်း စီပေးခဲ့ကြောင်း ၊ Golden Star Inn ကုမ္ပဏီမှ သေဆုံးသူ ၈ ဦးအတွက် ၁၃ သိန်းနှင့် Royal Star ကုမ္ပဏီမှ သေဆုံးသူ ၁ ဦးအတွက် သိန်း ၂၀ နှင့် ကျန်အရပ်သား များအတွက် ၂ သိန်းပေးခဲ့ကြောင်း သိရသည်။

ခိုင်နွယ်ဦး
Popular Myanmar News Journal