Pages

Thursday, May 30, 2013

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်သော လားရှိုးဖြစ်စဉ်အသေးစိတ်


Photo: လားရှိုးမြို့တွင် မေ ၂၉ ရက်က ပဋိပက္ခဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရ
Re-post By ACM 30-5-2013

လားရှိုးမြို့တွင် မေ ၂၈ ရက် ညနေပိုင်းက အမျိုးသမီးတစ်ဦးအား ဓာတ်ဆီဖြင့်ပက်ပြီး မီးရှို့ခဲ့ရာမှတစ်ဆင့် ဖြစ်ပွားခဲ့သော ပဋိပက္ခသည် မေ ၂၉ ရက်တွင်လည်း နေရာအချို့တွင် ဆက်လက်ဖြစ်ပွားခဲ့သည်။ မေ ၂၉ ရက်တွင် ဆူပူမှု၊ အကြမ်းဖက် ဖျက်ဆီးမှု အချို့ကြောင့် ရုပ်ရှင်ရုံ တစ်ရုံနှင့် ကားတစ်စီး ပျက်စီးခဲ့ပြီး တစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ ငါးဦးရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

မေ ၂၉ ရက် မွန်းလွဲ ၂ နာရီတွင် ဦးရေ ၂၀၀ ခန့်ရှိသော လူများက ဆူပူအကြမ်းဖက်မှု ပြန်လည်ပြုလုပ် ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွင် သေဆုံးသူမှာ (၇) ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၅ နှစ်အရွယ် ဦးမြင့်ဝင်း (ဘ) ဦးစမိုင်ဆိုသူ ဖြစ်ပြီး ဒေါ်ခင်ခင် (၅၂ နှစ်) (ဗုဒ္ဓ)၊ မောင်ဝဏ္ဏ မင်းထိုက် ၃၀ နှစ်(ဗုဒ္ဓ)၊ ဦးအောင်အောင် ၃၈ နှစ်(ဗုဒ္ဓ)၊ ဦးချစ်ကို(ဗုဒ္ဓ)၊ ဦးမြင့်နိုင် ၄၁ နှစ်(ဗုဒ္ဓ)နှင့် DVB သတင်းထောက် ဦးခွန်ဇော်ဦးတို့မှာ ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာ ရရှိသူများကို လားရှိုးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး မောင်ဝဏ္ဏမင်းထိုက်မှာ ဦးခေါင်းဒဏ်ရာ အပြင်းအထန် ရရှိသဖြင့် ခွဲစိတ်ခန်းသို့ ပို့ဆောင်ကုသ ပေးခဲ့ရကြောင်း၊ ကျန်လူနာများမှာ လက်ရှိတွင် မစိုးရိမ်ရသော အခြေအနေတွင် ရှိကြောင်း သိရသည်။

ထို့ပြင် ဆူပူ အကြမ်းဖက်မှုများကြောင့် အမှတ် (၂) ရပ်ကွက်ရှိ သီတာအေးရုပ်ရှင်ရုံ အတွင်းပိုင်း မီးလောင်ဖျက်ဆီး ခံခဲ့ရသော်လည်း အချိန်မီ ငြိမ်းသတ်နိုင်ခဲ့သောကြောင့် နောက်တန်းခုံများနှင့် ရုပ်ရှင်ပိတ်ကားတို့သာ ပျက်စီးခဲ့သည်။ ထို့အတူ အမှတ် (၇) ရပ်ကွက်တွင် လူဦးရေ ၃၀ ခန့်က ဆလွန်းကား တစ်စီးကိုလည်း ၀ိုင်းဝန်းဖျက်ဆီးခဲ့သည်။
အကြမ်းဖက်လူတစ်စုမှ လားရှိုးမြို့နယ် (၃) ရပ်ကွက် ဈေးအနီးရှိ ဗလီတစ်ခုအား မီးရှို့ဖျက်ဆီးမှုကြောင့် အမှတ် (၁) ရဲစခန်းက (ပ) ၂၅၈/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၄၃၆/၄၂၇/၄၅၂၊ အစ္စလာမ်မိဘမဲ့ ဂေဟာအား မီးရှို့ဖျက်ဆီးမှုကြောင့် အမှတ် (၁) ရဲစခန်း (ပ) ၂၅၉/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၄၃၆/၄၂၇/၄၅၂၊ ရပ်ကွက် (၉) ရှိ အစ္စလာမ် စာသင်ကျောင်း တစ်ခုအား ဖျက်ဆီးမှုကြောင့် လားရှိုးမြို့နယ် နယ်မြေရဲစခန်း (ပ) ၆၃/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၄၅၂/၄၂၇/၃၄ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းထွန်းက "ဖြစ်သွားတဲ့ ဒီဖြစ်စဉ်ကို သုံးသပ်ရမယ်ဆိုရင် အဓိက လူတွေရဲ့ တရားဥပဒေ စိုးမိုးမှုအပေါ် လိုက်နာမှု အပိုင်းတွေ အားနည်းတယ်။ ဒေါသကို ရှေ့ထားပြီးတော့ လုပ်ဆောင်ခဲ့ကြတာတွေကို တွေ့ရတယ်။ ပြစ်မှုကျူးလွန်တဲ့ နေ၀င်းကို ရဲတပ်ဖွဲ့က ဥပဒေအရ ဖမ်းဆီးစစ်ဆေးနေတဲ့ အချိန်မှာ ဒီလိုအကြမ်းဖက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့တယ်။ အမှန်တော့ တာဝန်ရှိသူတွေက ကျူးလွန်တဲ့သူကို ဥပဒေအရ ထိထိရောက်ရောက် ဆောင်ရွက်မှု မရှိဘူးဆိုရင် ကျေနပ်မှု မရှိတဲ့သူတွေ ဥပဒေအတိုင်း ဆက်လက်လုပ်ပိုင်ခွင့် ရှိတယ်။ ဒါ့အပြင် ထိထိရောက်ရောက် မီဒီယာတွေ အနေနဲ့ ထောက်ပြရေးသားပိုင်ခွင့် ရှိတယ်။ ဒီလို ဖြစ်စဉ်တွေကြောင့် နိုင်ငံတကာက မြန်မာလူမျိုးတွေအပေါ် အထင်မှားစရာတွေ ဖြစ်လာနိုင်တယ်။ မြန်မာလူမျိုးတွေက မင်းမဲ့စရိုက် ဆန်တယ်ဆိုတဲ့ အတွေးမျိုးတွေ ၀င်သွားနိုင်ပါတယ်" ဟု မေ ၂၉ ရက် နံနက်ပိုင်းက ပြောပြခဲ့သည်။

ဖြစ်ပွားနေသည့် ဖြစ်စဉ်ကို ထိန်းသိမ်းနိုင်ရန် ရဲတပ်ဖွဲ့အင်အား ၂၀၀ ကျော်နှင့် တပ်မတော်အင်အား ၃၀၀ ကျော်တို့ဖြင့် လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

မေ ၂၉ ရက်ည နိုင်ငံပိုင် ရုပ်သံသတင်း ကြေညာချက်တွင် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က ရပ်ကွက် ၂၊ ရပ်ကွက် ၃၊ ရပ်ကွက် ၇ နှင့် ရပ်ကွက် ၈ တို့မှာ အပြန်အလှန် တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ရာ ယင်းနေ့ညနေ ၅ နာရီခန့်အထိ တိုက်ခိုက် မီးရှို့ဖျက်ဆီးမှု ခုနစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ မေ ၂၈ ရက်မှ ၂၉ ရက်အထိ အပြန်အလှန် တိုက်ခိုက်မှုများကြောင့် လူနေအိမ် ငါးလုံး၊ ဘာသာရေး အဆောက်အအုံ သုံးလုံး၊ ရုပ်ရှင်ရုံ တစ်ရုံ၊ ဂိုဒေါင် လေးလုံး၊ ဆိုင်ခန်း ၃၁ ခန်း၊ မော်တော်ယာဉ် နှစ်စီး၊ ဆိုင်ကယ် ၁၁ စီး မီးလောင်ပျက်စီးခဲ့ကြောင်း၊ တစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့က ပြစ်မှုကျူးလွန်ခဲ့သော တရားခံဖြစ်သူသည် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ပြစ်မှုကျူးလွန်ခြင်းဖြစ်ပြီး ဘာသာရေး၊ လူမှုရေး ကိစ္စများနှင့် ပတ်သက်ခြင်း မရှိကြောင်း၊ ယင်းပြစ်မှုကို အကြောင်းပြုပြီး ဘာသာရေး ပဋိပက္ခအသွင် ဖော်ဆောင်ခြင်း မပြုရန်အတွက် ဘာသာရေး အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပြည်သူများက ၀ိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများက မေတ္တာရပ်ခံထားကြောင်း ထုတ်ပြန်ကြေညာ သွားခဲ့သည်ဟု သိရသည်။

မေ ၂၉ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၊ ရှမ်းပြည်နယ် ကာ/လုံဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ မန်ဆူရှမ်းကျောင်း ဆရာတော်တို့ ဦးဆောင်သော အဖွဲ့က ပဋိပက္ခများ ဖြစ်ပွားနေသည့် လားရှိုးမြို့ အမှတ်(၇) ရပ်ကွက်အတွင်း လှည့်လည်၍ အကြမ်းဖက်မှုများ ဆက်လက်မဖြစ်ပွားရန် တားမြစ်ခဲ့ပြီး ယင်းဆူပူ အကြမ်းဖက်မှုတွင် ပါဝင်သူများကို ရဲတပ်ဖွဲ့မှ ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးက "အခုလက်ရှိ လားရှိုးမြို့မှာ အကြမ်းဖက်မှု ဖြစ်စဉ်တွေ အများစုကို ထိန်းချုပ်နိုင်ပါပြီ။ ဒါပေမဲ့ လားရှိုးမြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်တွေမှာ နေထိုင်တဲ့ လူတစ်စုက အစ္စလာမ်ဘာသာဝင်တွေ နေထိုင်တဲ့ မြို့ပေါ်ရပ်ကွက်တွေကို လာရောက်ပြီး အကြမ်းဖက် ဖျက်ဆီးမှုတွေ ရှိနေသေးတဲ့အတွက် ဒါတွေကို အမြန်ဆုံး ထိန်းသိမ်းနိုင်ဖို့ လုံခြုံရေးအင်အား ၅၀၀ ကျော်နဲ့ ဆောင်ရွက်နေပါတယ်" ဟု မေ ၂၉ ရက် ညနေပိုင်းတွင် ပြောကြားထားသည်။

မေ ၂၉ ညပိုင်းတွင် လုံခြုံရေး ပိုမိုတင်းကျပ်စွာ ဆောင်ရွက်လျက်ရှိပြီး တားမြစ်နေရာများသို့ မည်သူ့ကိုမှ သွားလာခွင့် မပြုကြောင်း သိရသည်။

ထို့ပြင် မေ ၂၉ ရက် ညပိုင်းတွင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ သာသနာရေး ၀န်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဆရာတော် သံဃာတော်ကြီးများ ပါဝင်သော အဖွဲ့ငါးဖွဲ့က မြို့တွင်းလှည့်လည်၍ လုံခြုံရေး ကိစ္စများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မေ ၂၈ ရက်နေ့က ဓာတ်ဆီနှင့်ပက်၍ မီးရှို့ခံရသော မအေးအေးဝင်းသည် လားရှိုး ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသလျက်ရှိပြီး လက်ရှိတွင် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ မရှိကြောင်း သိရသည်။

ဘာသာရေး ပဋိပက္ခအသွင် ဖန်တီးကာ အကြမ်းဖက် ဖျက်ဆီးမှုများ ရှိနေသော လားရှိုးပဋိပက္ခ ဖြစ်စဉ်အတွင်း မေ ၂၉ ရက်က တုတ်၊ ဓားလက်နက် ကိုင်ဆောင်ထားသော လူအုပ်စုကို တွေ့ရစဉ်

အေးချမ်းမွန် Credit & Copy From >Eleven Media Group< Thank For Your Postst ၂၈-၅-၂၀၁၃ ရက်နေ့ ၁၆၄၅ ချိန် တရားလို ဦးမောင်မောင်ဝင်း(ခ) ဦးမောင်အေး၊ ၅၃နှစ်၊ လားရှိုးမြို့နေသူမှ ၄င်း၏သမီးဖြစ်သူ မအေးအေးဝင်းအား နေ၀င်း၊ ၄၈နှစ်(ဖ)ဦးတင်ရွှေ၊ ကျပန်း၊ ရှမ်း-မွတ်ဆလင်/အစ္စလာမ်၊ ကျိုင်းငင်းရပ်(၁)လမ်း၊ ရပ်ကွက်(၂)၊ ကျိုင်းတုံမြို့နေသူက ဓါတ်ဆီဖြင့်ပက်ပြီး မီးရှို့၍ အရေးယူပေးရန်တိုင်တန်းသဖြင့် လားရှိုးမြို့မရဲစခန်း (ပ)၂၅၇/ ၂၀၁၃၊ပြစ်မှုပုဒ်မ ၃၀၇/၄၃၆/ ၃၂၆ (လူသတ်မှုကျူးလွန်ရန်အားထုတ်မှု/ မီးရှို့/ ပြင်းထန်နာကျင်စေမှု) အမှုဖြင့် အရေးယူဆောင်ရွက် ခဲ့ပါသည်။

ဖြစ်စဉ်မှာ နေ၀င်းဆိုသူသည် ၂၆-၅-၂၀၁၃ ရက်နေ့တွင် ကျိုင်းတုံမှ လားရှိုးသို့ ရောက်ရှိခဲ့ ကြောင်း၊ ၂၈-၅-၂၀၁၃ ရက်နေ့ နံနက် ၀၈၀၀ ချိန် အခင်းစတင်ဖြစ်ပွားနေရာ သိန်္နီလမ်းတွင် နေ၀င်းသည် အထုပ်တစ်ထုပ်ဖြင့် သွားလာနေကြောင်း၊ မီးရှို့ခံရသူ မအေးအေးဝင်းက ၄င်းဆိုင်ရှေ့ တွင် သွားလာနေသဖြင့် ဘာကိစ္စရှိလဲဟု မေးခဲ့ကြောင်း၊

ထိုသို့မေးသည်ကို နေ၀င်းက မကျေနပ်၍ တုတ်ဖြင့်ရိုက်ရာ မအေးအေးဝင်းက တိမ်းရှောင်ခဲ့ကြောင်း၊ ထိုသို့ရိုက်ရာ မထိသဖြင့် နေ၀င်းက မကျေနပ်၍ ၎င်းင်းအိတ်အတွင်း အသင့်ပါလာသော ဓါတ်ဆီ ပုလင်းဖြင့် မအေးအေးဝင်းအား ပက်ခဲ့ ကြောင်း၊

မအေးအေးဝင်းက ကြောက်လန့်၍ ဒေါ်လှရီ၏ နေအိမ်ဝင်းအတွင်းသို့ ထွက်ပြေး ခဲ့ကြောင်း၊ နေ၀င်းက ၎င်းနောက်မှလိုက်လာကာ ဓါတ်ဆီဖြင့် ထပ်မံပက်၍ အသင့်ပါလာသော မီးခြစ်ဖြင့် မအေးအေးဝင်းအား မီးရှို့ပြီး ဒေါ်လှရီ၏ နေအိမ်ခြံဝင်း အတွင်းမှ ပြန်ထွက်သွားခဲ့ကြောင်း၊

၎င်းနောက် နေ၀င်းအား အနီးရှိရပ်ကွက်အတွင်းမှ လူအများက ၀ိုင်းဝန်းဖမ်းဆီးပြီး ရဲစခန်းသို့ အကြောင်းကြား၍ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ဖမ်းဆီးသွား ခဲ့ကြောင်း စိစစ်သိရှိရပါသည်။

အမှုမှဒဏ်ရာရရှိသူ မအေးအေးဝင်း၏ဖခင် ဦးမောင်မောင်ဝင်း(ခ) ဦးမောင်အေးက တရားလိုပြုလုပ်တိုင်တန်းသဖြင့် လားရှိုးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရရှိသူ မအေးအေးဝင်းအား ရဲဆေးစာဖြင့် ဆေးရုံပို့အပ်ခဲ့ကာ တရားခံ နေ၀င်းအား ၁၇၅၀ ချိန် ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါသည်။

အမှုလာရောက်တိုင်တန်းစဉ်တွင် လူအများစုမှာ တစ်ပါတည်း ပါလာခဲ့သည့်အပြင် မြို့မရဲစခန်းသို့ လားရှိုးမြို့နယ် သံဃာ့နာယကအဖွဲ့ဝင် စည်းကမ်းထိန်းသိမ်းရေး ဥက္ကဌ ဆရာတော်ဦးစီးသံဃာတော်(၂၀)ပါးခန့်က အစ္စလာမ်ဘာသာဝင်မှ မြန်မာအမျိုးသမီး တစ်ဦး အား ဓါတ်ဆီလောင်းမီးရှို့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲစခန်းသို့မေးမြန်းရန် စုဝေးရောက်ရှိခဲ့ပါသည်။

ထိုသို့ရဲစခန်းတွင် သံဃာတော်များလာရောက်စုဝေးသဖြင့် ရဲစခန်းဝင်းအတွင်းတွင် လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး၊ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူးတို့က သံဃာတော်များအား အမှုနှင့်ပတ်သက်၍ တရားခံ နေ၀င်းကို တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူပေးမည်ဖြစ်ကြောင်း လျှောက် ထားခဲ့ပါသည်။

ထိုသို့ လျှောက်ထားမှုအပေါ် သံဃာတော်များက ကျေနပ်သော်လည်း ရဲစခန်းရှေ့ရှိ လူစုလူဝေးများက မကျေနပ်ဘဲ တရားခံထုတ်ပေးရေး၊ တရားခံအား ၎င်းတို့မှ ဓါတ်ဆီလောင်း၍ ပြန်လည်မီးရှို့မည်ဟု အော်ဟစ်ပြော ဆိုနေသဖြင့် အဆိုပါ လူစုအား ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး၊

လာရှိုးခရိုင်အုပ်ချုပ်ရေးမှူးနှင့် လားရှိုးမြို့နယ်သံဃာ့နာယကအဖွဲ့ဝင်၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဥက္ကဌ ဆရာတော်တို့က တရားခံနေ၀င်းအား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လူစုခွဲရန်ပြောဆိုတားဆီးရှင်းလင်းရာ ၁၉၁၀ ချိန် လူစုခွဲသွားခဲ့ပါသည်။ ထို့နောက် တရားခံ နေ၀င်းအား ၁၉၂၀ ချိန် လားရှိုးမြို့မရဲစခန်းမှ အကျဉ်းထောင်သို့ လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့မှ သွားရောက်ပို့ဆောင် လွှဲအပ်ခဲ့ပါသည်။

ရဲစခန်းမှ ထွက်ခွာသွားသောလူစုလူဝေးသည် ၁၉၃၀ အချိန်ခန့်တွင် လမ်းကြိုလမ်းကြားများ မှတစ်ဆင့် လားရှိုးမြို့ ရပ်ကွက်(၃) ဗိုလ်ချုပ်လမ်းပေါ်ရှိ ဂျာမေဗလီရှေ့တွင် ထပ်မံစုဝေးမိပြီး ဗလီအား ၀င်ရောက်မီးရှို့ခဲ့ရာ ဗလီမှာ မီးလောင်သွားခဲ့ပါသည်။

မီးလောင်ရာသို့ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး တပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်း၍ဗလီအနီးရှိ သုံးထပ်မြို့မဈေးကြီးအား မီးမကူး စက်စေရေး၊ မီးရှို့ဖျက်ဆီးခြင်းမရှိစေရေးတို့အတွက် တားဆီးဆောင်ရွက်ခဲ့ပြီး ဗဟိုမီးသတ် တပ်ဖွဲ့မှ မီးသတ်ကား(၂၃)စီး၊ ရေဘောက်ဆာကား(၅)စီးတို့ဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြပါသည်။

မီးရှို့ဖျက်ဆီးသည့်လူစုလူဝေးအား ရဲတပ်ဖွဲ့ဝင်များမှလူစုခွဲနိုင်ရေးဆောင်ရွက်သည့်အပြင် မြို့နယ် သံဃာစည်းကမ်းထိန်းသိမ်းရေးဥက္ကဌဆရာတော်မှလည်း အကြမ်းဖက်မီးရှို့ခြင်းများမပြုလုပ်ရန် မေတ်္တာရပ်ခံပြောဆိုခဲ့ပါသည်။

၂၀၁၀ အချိန် ရပ်ကွက်(၃)လမ်းမတော်လမ်းမပေါ်ရှိ မိဘမဲ့ဂေဟာ အဆောက်အဦ အောက်ထပ်ဆိုင်ခန်း(၄)ခန်းအား ထပ်မံမီးရှို့သဖြင့် ရဲတပ်ဖွဲ့ဝင်များက လူစုကွဲရန် ဆောင်ရွက်ခဲ့ပါသည်။

ထိုအချိန်တွင် အခင်းဖြစ်နေရာသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဦးစီးသည့် လားရှိုးတပ်နယ်မှ တပ်မတော်သားများ ရောက်ရှိလာပြီး ရဲတပ်ဖွဲ့ဝင် များနှင့်အတူ လုံခြုံရေးပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

လုံခြုံရေးအဖွဲ့များ၏ ဆောင်ရွက်မှုကြောင့် အဆိုပါနေရာမှ လူစုကွဲသွားသောအဖွဲ့များသည် ၂၀၃၀ အချိန် ရပ်ကွက်(၂) ဗိုလ်ချုပ်လမ်းမပေါ်ရှိ ထွန်းလှိုင် အီလက်ထရောနစ်ဆိုင်အားဖျက်ဆီးခြင်း၊ ၂၁၀၀ အချိန် ရေကန်လမ်းနှင့် ကြာနီလမ်း ထောင့်ရှိ စိုက်ပျိုးရေးအရောင်းဆိုင်အား ဖျက်ဆီးခြင်း၊

၂၁၃၀ အချိန် ရပ်ကွက်(၃)ကားဂိတ် အနီးရှိ ဦးကာဆင်၏နေအိမ်ဆိုင်ခန်းအားဖျက်ဆီးခြင်း၊ ၂၁၄၅ အချိန် သုခလမ်းရှိ ဖုန်းနှင့်အပိုပစ္စည်း အရောင်းဆိုင်အား ဖျက်ဆီးခြင်း၊ ၂၁၄၅ အချိန် သိန်းနီလမ်းနှင့် သုခလမ်းဆုံရှိလားရှိုးဓါတ်ပုံတိုက်အား ၀င်ရောက်ဖျက်ဆီးခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြပါသည်။

ထို့အပြင် ၂၁၄၅ အချိန် ရပ်ကွက်(၉) နယ်မြေ(၈)ရှိ မွတ်ဆလင်ဘာသာစုပေါင်းစာသင်ကျောင်း နှင့် ကျောင်းအတွင်းရှိ ယာဉ်အမှတ် ၈ည/၃၅၀၄ ဟိုက်အေ့စ်ယာဉ်အား ဖျက်ဆီးခဲ့သည့်အပြင် ရပ်ကွက်(၂)ဒေါနလမ်းရှိ မွတ်ဆလင်ရိပ်သာအား ၂၂၀၅ အချိန် ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ပြီး လူစုကွဲသွားခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ရပ်ကွက်(၃)ဗလီ မီးရှို့မှုအား လားရှိုးမြို့မရဲစခန်း(ပ) ၂၅၈/ ၂၀၁၃ ပြစ်မှုပုဒ်မ ၄၃၆/၄၂၇/၄၅၂ (မီးရှို့မှု/ အကျိုးဖျက်ဆီးမှု/ ကျော်နင်းမှု)ဖြင့် လည်းကောင်း၊ မိဘမဲ့ကျောင်းမီးရှို့မှုအား လားရှိုးမြို့မရဲစခန်း(ပ)၂၅၉/၂၀၁၃ ပြစ်မှုပုဒ်မ ၄၃၆/ ၄၂၇/၄၅၂ (မီးရှို့မှု/ အကျိုးဖျက်ဆီးမှု/ ကျော်နင်းမှု)ဖြင့် လည်းကောင်း၊

ရပ်ကွက်(၉)မွတ်ဆလင်ဘာသာ စုပေါင်းစာသင်ကျောင်းနှင့် မော်တော်ယာဉ်ဖျက်ဆီးမှုတို့အား လားရှိုးနယ်မြေရဲစခန်း (ပ) ၆၃/၂၀၁၃ ပြစ်မှုပုဒ်မ ၄၃၆/၄၂၇/၃၄ (မီးရှို့မှု/ အကျိုးဖျက်ဆီးမှု/ ပူးပေါင်းကြံစည်မှု)ဖြင့် လည်းကောင်း အရေးယူနိုင်ရန် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

အမှုမှပြစ်မှုကျူးလွန်သူ တရားခံများ အား ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများက ဆက်လက်စုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိပါသည်။

မေ ၂၉၁၂၀၀ အချိန်၌ ရပ်ကွက်(၁)၊ နယ်မြေ(၈)၊ မြို့ဝင်မုခ်ဦးအနီးတွင် ပုဂ္ဂလိကဆီဆိုင် များအား မီးရှို့ဖျက်ဆီးရန် စုဝေးလာကြသော တုတ်၊ ဓါးကိုင်ဆောင်ထားသည့် လူ(၅၀)ဦးခန့်အား ပြည်နယ်ဒုတပ်ဖွဲ့မှူးဦးစီး ရဲတပ်ဖွဲ့ဝင်များက အချိန်မီလာရောက်ဟန့်တားနိုင်ခဲ့သဖြင့် လူစုကွဲသွား ခဲ့ပါသည်။ ထို့အပြင် ၁၃၄၀ အချိန်တွင် ရပ်ကွက်(၇)၊ ရန်ကင်းလမ်းသို့ လူအင်အား(၇၀)ခန့်က အကြမ်းဖက်ဖျက်ဆီးရန် တုတ်၊

ဓါးကိုင်ဆောင်လျက် ရောက်ရှိလာစဉ် ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများက တားဆီးနှိမ်နင်းခဲ့ရပါသည်။

၁၇၄၅ အချိန်တွင် ရပ်ကွက်(၉)၊ နယ်မြေ(၃)ရှိ အစ္စလာမ်ဘာသာဝင်အိမ်ထောင်စု (၁၅)စုမှ မိသားစုများသည် ကြောက်လန့်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် လာရောက်ခိုလှုံလျက်ရှိရာ ၎င်းင်းတို့အား တာဝန်ရှိသူ များက လိုအပ်သောလုံခြုံမှု ဆောင်ရွက်ပေးလျက်ရှိသည်။

လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်များ အတွင်း လူငယ်အုပ်စုများက တုတ်၊ဓါး ကိုင်ဆောင်၍ လှည့်ပတ်သွားလာမှုများ ရှိနေသော ကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီး ရဲတပ်ဖွဲ့ဝင်များက ရဲယာဉ်တန်းများဖြင့် အဆိုပါရပ်ကွက်များအတွင်း ကင်းလှည့် စောင့်ကြပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် မေလ ၂၉ ရက်နေ့ ၁၈၀၀ အချိန်အထိ သေဆုံးသူ (၁)ဦး၊ ဒဏ်ရာရသူ (၄)ဦးရှိခဲ့ပြီး လူနေအိမ်(၈)လုံး၊ ဆိုင်ခန်း (၁၇)ခန်း၊ ဗလီ (၁)လုံး၊ ဘာသာရေးကျောင်း (၃)ကျောင်း၊ ကား(၃)စီး ပျက်စီးခဲ့ကြောင်းနှင့် လတ်တလော အခြေအနေထိ တရားခံ (၉)ဦး ဖမ်းဆီးရမိ ထားကြောင်း သိရှိရသည်။

လားရှိုးမြို့ပေါ်တွင် ဆူပူအကြမ်းဖက်မှုများထပ်မံဖြစ်ပွားခြင်းမရှိစေရေး အတွက် ရဲတပ်ဖွဲ့ဝင် များက လားရှိုးတပ်နယ်မှတပ်မတော်သားများနှင့်အတူ ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။ ထို့အပြင် လားရှိုးမြို့ပေါ်သို့ အခြားဒေသများမှ ဆူပူအကြမ်းဖက်သူများ ၀င်ရောက်မလာစေရေးအတွက် အ၀င်/အထွက်ဂိတ်များတွင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းရှာဖွေစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်