Pages

Monday, May 27, 2013

အမေရိကန်နှင့် ကုန်သွယ်ရင်းနှီးမြှုပ်နှံမှု မူဘောင်ကြောင့် မြန်မာလုပ်သားများ အခွင့်အရေး ပိုရမည်ဟု ILO ဆို

25 May 2013 |
အမေရိကန်နှင့် ကုန်သွယ်ရင်းနှီးမြှုပ်နှံမှု မူဘောင်ကြောင့် မြန်မာလုပ်သားများ အခွင့်အရေး ပိုရမည်ဟု ILO ဆိုအလုပ်သမား အခွင့်အရေး ကာကွယ်မြှင့်တင်ရေး အစီအစဉ် ပါဝင်သော မြန်မာနှင့် အမေရိကန် ပြည်ထောင်စု နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မူဘောင် သဘော တူညီ စာချုပ်ကြောင့် မြန်မာ အလုပ်သမား များ၏ အခွင့်အရေး ပိုရလာမည် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာ အဖွဲ့ချုပ် (ILO) လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းမှု အစီအစဉ်မှ နည်းပညာ ဆိုင်ရာ အကြံပေး Ross Wilson က ပြောကြားသည်။

အမေရိကန်နှင့် မြန်မာ အစိုးရတို့ မေလ၂၁ ရက်နေ့က ရေးထိုးခဲ့သည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု (TIFA) အခြေခံမူဘောင် သဘောတူ စာချုပ်တွင် ILO ကချမှတ် ထားသည့် စံနှုန်များအတိုင်း ကျင့်သုံးနိုင်ရန် နှစ်နိုင်ငံ အတူတကွ လုပ်ဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာချက် အပေါ် ၄င်းက ယင်းသို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။

ယင်းသဘော တူညီချက်ကြောင့် အမေရိကန်နှင့် မြန်မာ အစိုးရတို့ ပူးပေါင်းကာ အလုပ်သမားများ လက်ရှိကြုံတွေ့ နေရသည့် အခြေအနေကို ခွဲခြမ်း စိတ်ဖြာပြီး ILO ကချမှတ် ထားသော အခြေခံစံနှုန်းများ ဖြစ်သည့် သင့်တော်သောလုပ်ခ ရရေး၊ အလုပ်သမားများ အခွင့်အရေး ကာကွယ်ပေးရေး၊ အဓမ္မခိုင်းစေမှု ပပျောက်ရေး၊ ခွဲခြား ဆက်ဆံမှုပပျောက်ရေး၊ ကလေးလုပ်သား ပပျောက်ရေး ကိစ္စများကို လုပ်ဆောင် ပေးနိုင်မည်ဖြစ်ကြောင်း Ross Wilson က ဆိုသည်။ မြန်မာအစိုးရ အနေနှင့်လည်း အလုပ်သမား အဖွဲ့အစည်းများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရေး လုပ်ဆောင်ပေးရမည် ဖြစ်ပြီး အလုပ်သမား အဖွဲ့အစည်းဝင်မှုဖြင့် ခွဲခြား ဆက်ဆံမှု မရှိအောင် လုပ်ဆောင်ပေးရမည် ဖြစ်ကြောင်း ၄င်းက တိုက်တွန်းသည်။

"ဘယ်နိုင်ငံကပဲ ဝင်လုပ်လုပ် အလုပ်သမားတွေ အခြေအနေကို နားမလည်ရင် ဘာမှလုပ်လို့မရဘူး" ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ လုပ်သားအရေး ဆောင်ရွက်သူ ဒေါ်မာမာဦး ကပြောကြားသည်။ အဆိုပါ TIFA စာချုပ်ကို အမေရိကန် ပြည်ထောင်စု၏ အာရှ၊ အာဖရိက ဒေသဆိုင်ရာ ကုန်သွယ်ရေး ဒုတိယ အထူးကိုယ်စားလှယ် သံအမတ်ကြီး Demetrios နှင့် မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့ သမ္မတဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်အတွင်း မေလ ၂၁ ရက်နေ့တွင် သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။

အခြေခံလစာ နည်းပါးမှု၊ အလုပ်သမားများ အလုပ်ထုတ်ခံရမှု၊ အချိန်ပိုအဓမ္မ ခိုင်းစေမှု များကြောင့် လှိုင်သာယာမြို့နယ် နှင့် ရွှေပြည်သာမြို့နယ်တို့ရှိ စက်ရုံ ၁၀ရုံ ကျော်တွင် ယခုရက်ပိုင်းအတွင်း ဆန္ဒပြမှု ဖြစ်ပွားနေကြောင်း အဆိုပါ ဆန္ဒပြအလုပ်သမားများ ထံမှ သိရှိရသည်။

By The Voice Journal