Pages

Monday, June 10, 2013

ကချင် ရေခဲတောင်ပေါ်သို့ ဦးတေဇ ဒုတိယအကြိမ် ထပ်မံကြိုးစားတက်ဦးမည်

 
ကချင်ပြည်နယ်အတွင်းရှိ မဂျွယ် ရေခဲတောင်ကြီးပေါ်တွင် ခရီးသွား လုပ်ငန်းများ ဆောင်ရွက်ရန် ထူးကုမ္ပဏီ ဥက္ကဋ္ဌ ဦးတေဇ အနေဖြင့် ယင်းရေခဲတောင်ပေါ်သို့ ဒုတိယမြောက် လေ့လာရေးခရီးအဖြစ် သွားရောက်ရန် ရည်ရွယ်ထားကြောင်း Htoo Group of Companies မှ တာဝန်ရှိသူ တဦးက ပြောသည်။

“ပြီးခဲ့တဲ့ ရဟတ်ယာဉ် ပျက်ကျတဲ့ကိစ္စဆိုရင် ပူတာအိုဒေသ ရေခဲတောင်ကြီးပေါ်မှာ ခရီးသွားလုပ်ငန်း မြှင့်တင်ဖို့ လေ့လာရေးသဘောမျိုး သွားတာပါ။ ဥက္ကဋ္ဌကတော့ အဲဒီမဂျွယ်တောင်ကို ဒုတိယတခေါက် ပြန်ပြီးတော့ နဂိုရည်ရွယ်ထားတဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သွားပြီးလေ့လာဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီမှာ အဓိကလုပ်မှာက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့ ဆိုကတည်းက ဟိုတယ်လုပ်ငန်းတွေပါ ဆက်တိုက် ပါပြီးသားပါ” ဟု ကုမ္ပဏီ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရေခဲပြင်ပေါ်သို့ ဦးတေဇနှင့်အဖွဲ့ ရဟတ်ယာဉ်အဆင်း ကျွံကျခဲ့ဖူးသည်။

လက်ရှိတွင် ထူးကုမ္ပဏီအနေဖြင့် ကချင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ ထပ်မံတိုးချဲ့ရန် ပူတာအိုမြို့တွင် ဟိုတယ်များ ဆောက်လုပ်ရန် မြေနေရာ ဝယ်ထားပြီး ဖြစ်ကြောင်းနှင့် မိုလာရှီစီးရွာရှိ ဟိုတယ်ကိုလည်း နှစ်ဆ တိုးချဲ့ရန် အစီအစဉ်ရှိကြောင်း သိရသည်။

ပြည်နယ်အစိုးရ အနေဖြင့်လည်း ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရန် ခွင့်ပြုချက်များ ထပ်မံချထားပေးလာဖွယ်ရှိပြီး ပူတာအိုဒေသ ရေခဲတောင်ပေါ်တွင် ခရီးသွားများ လွတ်လပ်စွာ သွားလာနိုင်ရန် ခွင့်ပြုချက်များ ချထားပေးပါက ယင်းဒေသတွင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးနောင်းနောင်းဟန် ကပြောသည်။

“ရဟတ်ယာဉ် ပျက်ကျတဲ့ နေရာက တော်တော်လေး လှမ်းပါတယ်။ ဒါက အရှေ့တောင် အာရှမှာ တခုတည်းသော နှင်းတွေ ဖုန်းလွှမ်းတဲ့ နေရာပါ။ ခရီးသွားတွေ လုံခြုံရေးကိစ္စ ရှိနေတဲ့အတွက် ခွင့်မပြုသေးတာပါ။ ဒေသဆိုင်ရာ ခွင့်ပြုချက် ရရင် အဲဒီနေရာက ပိုပြီး ဖွံ့ဖြိုးလာမယ့် နေရာတွေပါ” ဟု ဆိုသည်။

အစိုးရနှင့် ရင်းနှီးသော လက်ရင်းလူယုံ လုပ်ငန်းရှင် ဦးတေဇသည် ၂၀၁၁ ခုနှစ်က အမြင့်ပေ ၁၂,ဝဝဝ ခန့်ရှိ ရေခဲတောင်သို့ တက်ရန် လမ်းကြောင်း သွားကြည့်ခဲ့ရာ ပူတာအိုမှ ထွက်ခွာလာခဲ့ပြီး ဖုန်ကန်ရာဇီ ရေခဲတောင်ပေါ်အဆင်း ရဟတ်ယာဉ်မှာ ကျွံကျခဲ့ခြင်း ဖြစ်သည်။ သူအပါအဝင် လူ ၆ ဦးမှာ တောင်ပေါ်တွင် ၃ ရက်ကြာ သောင်တင်နေခဲ့ပြီး ပူတာအို စစ်ဗျူဟာနှင့် မိတ္ထိလာ လေတပ်က ကယ်ဆယ်ရေး လုပ်ငန်းများအတွက် လုပ်ဆောင်ခဲ့ကာ ထိုင်းနိုင်ငံမှ ငှားရမ်းသော ရဟတ်ယာဉ်ဖြင့် ကြိုးချပေး၍ ကယ်ဆယ်ခဲ့သည်။

ထူးကုမ္ပဏီအနေဖြင့် ကချင်ပြည်နယ်အတွင်း၌ ဟိုတယ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများကို အဓိကထား အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက်လည်း ကူညီထောက်ပံ့မှုများ ပေးသွားမည်ဟု ဆိုသည်။

ထိုက်ထိုက်|မြစ်ကြီးနား (မဇ္ဈိမ)
Mizzima - News in Burmese