Pages

Thursday, June 13, 2013

ပခုက္ကူ ဆူပူလှုံ့ဆော်မှု အချိန်မီထိန်းသိမ်းနိုင်

 
မကွေးတိုင်း ပခုက္ကူမြို့မှာ ဆူပူမှုဖြစ်ပွားအောင် လှုံ့ဆော်သူတချို့လုပ်ဆောင်ခဲ့ကြပေမယ့် မြို့ပ်ါတာဝန်ရှိသူတွေ အချိန်မှီ ၀ိုင်းထိန်းလိုက်နိုင်ခဲ့ပါတယ်။

ဒီနေ့မွန်းလွဲ ၁ နာရီလောက်က ဖြစ်ပွားခဲ့တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပခုက္ကူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကိုက ပြောပါတယ်။

“ပခုက္ကူမြို့မြောက်ဖျား အမှတ် ၃ ရပ်ကွက်မှာ လူ ၄ ယောက်က ဆိုင်ကယ် ၄ စီးနဲ့ အော်သွားတယ်။ “မီးရှို့တယ်၊ ကျောင်းသောက်ရေအိုးစင်မှာ အဆိပ်ခတ်သွားတယ်” ရုတ်တရက် မသိလိုက်ကြဘူး။ အဲဒါ မြို့ပါ် ရုတ်ရုတ်ဖြစ်သွားပြီး ကလေးမိဘတွေရော၊ တချို့လူတွေ ရောက်ချလာတယ်။ ကျောင်း ၅ ကျောင်းရှေ့မှာ၊ အထူးသဖြင့် အထက ၂ ရှေ့မှာ လူအုပ်များပြီး တုတ်၊ ဓား လက်နက်တွေ ကိုင်လာတာ တွေ့တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ကျနော်ရယ် လူငယ်အဖွဲ့တွေရော၊ ဘုန်းကြီးတွေ ပေါင်းပြီး ဖြေရှင်းပေးလိုက်တာ၊ အခုတော့ နည်းနည်း ငြိမ်သွားပြီ” လို့ ဆိုပါတယ်။

ဆူပူမှုဖြစ်အောင် အော်သွားတဲ့သူတွေကိုတော့ ဖမ်းမမိလိုက်ကြောင်း၊ ကျောင်းရှေမှာ ရာနဲ့ချီတဲ့ လုအုပ်စုဝေးခဲ့ကြပြီး မြို့ခံမဟုတ်တဲ့ လူစိမ်းတွေ ပါဝင်နေတာလည်း မသင်္ကာစရာ တွေ့ရတယ်လို့ ပြောပါတယ်။

ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက လုံခြုံရေးတိုးချထားဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“ကောလာဟလတွေကြောင့် ကလေးတွေကို မိဘတွေက စိတ်ပူပြီး လာကြိုကြတယ်။ လုံခြုံရေးရော၊ အုပ်ချုပ်ရေးရော ပေါင်းပြီး ကလေးတွေ အေးအေးဆေးဆေးဖြစ်အောင် လမ်းရှင်းပေးတယ်။ သာမန်ရက်တွေမှာတော့ နယ်မြေရဲကင်း၊ အုပ်ချုပ်ရေးတွေ ကင်းအစောင့်ချထားတာ ရှိတယ်။ သို့သော် ဒီည ရက်ပိုင်းတွေမှာတော့ လုံခြုံရေးကို ဒီထက်ပိုပြီး တိုးမြှင့်မယ်။ သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေး ပေါင်းပြီး ကင်းလှည့်နေမှာပါ။”
အခုလို လှုံ့ဆော်မှုမျိုး ပခုက္ကူမှာ ပထမဆုံးစတင်ဖြစ်ပွားတာပါ။ ပြီးခဲ့တဲ့ အပတ်က မနလေးမြို့မှာလည်း အလားတူ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ဘူးပါတယ်။

by ရွှေအောင်  (ဒီဗွီဘီ)