Pages

Sunday, June 16, 2013

မန်ဆူရှမ်းကျောင်း ဆရာတော်ကို အစ္စလာမ်ဘာသာဝင်များ ကျပ်သိန်းချီလှူ

 
လားရှိုး ၊ ဇွန် ၁၅

ရှမ်းပြည်နယ် လားရှိုးမြို့တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် အစ္စလာမ် ဘာသာဝင်များကို စောင့်ရှောက်ခဲ့သည့် သီရိမင်္ဂလာ မန်ဆူရှမ်း ကျောင်းတိုက် ဆရာတော်ကို ဗုဒ္ဓသာသနာတော်တွင် အသုံးပြုရန် အစ္စလာမ် ဘာသာဝင်များက ကျပ်ငွေ ရှစ်သိန်း ဇွန်လ ၁၅ရက်နေ့တွင် လှူဒါန်းခဲ့ကြောင်း မွတ်ဆလင် ဘာသာရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာ တင်အောင်က ပြောကြားသည်။

ပဋိပက္ခ ကာလအတွင်း အစ္စလာမ် ဘာသာဝင်များကို ဘာသာမခွဲ၊ လူမျိုးမခွဲဘဲ စောင့်ရှောက်ခဲ့၍ ဂုဏ်ပြုသော အနေနှင့် ဇွန်လ ၁၅ ရက်နေ့တွင် လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူ ရှမ်းကျောင်းတိုက်တွင်
ပြုလုပ်သော ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ်ခြင်းနှင့် အလှူငွေ လှူဒါန်းသည့် အခမ်းအနားတွင် ၎င်းက ယင်းသို့ပြောဆိုခြင်း ဖြစ်သည်။

အဆိုပါ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပုညနန္ဒအား မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်များက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ကျပ် ငါးသိန်း လှူဒါန်းခဲ့ပြီး အခြားအစ္စလာမ် ဘာသာဝင်တစ်ဦးဖြစ်သူ ရွှေမြင်းနှစ်ကောင် ဓာတ်ခဲစက်ရုံ ပိုင်ရှင် ဦးမောင်ဝင်းကလည်း အလှူငွေ ကျပ်သုံးသိန်း လှူဒါန်းခဲ့သည်။

မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်များက ဆရာတော် ဦးစီး လုပ်ဆောင်နေသော ပရဟိတလုပ်ငန်းများ၊ လူမှုရေး လုပ်ငန်းများတွင် မွတ်ဆလင် ဘာသာရေး အသင်းကိုလည်း ပူးပေါင်း ပါဝင်ဆောင်ရွက် ခွင့်ပြုပါရန်နှင့် တာဝန်များပေးပါရန် တောင်းဆိုခဲ့ကြောင်း အဆိုပါ အခမ်းအနား တက်ရောက်ခဲ့သူ တစ်ဦးက ပြောကြားသည်။

ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရပ်ကွက်များတွင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အခမဲ့ ကျန်းမာရေး ဆေးစစ်မှု၊ ဆေးကုသမှု၊ ရွေ့လျားဆေးခန်းများ ရပ်ကွက်၊ ကျေးရွာများအထိ ကွင်းဆင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ်များတွင် မွတ်ဆလင် ဘာသာရေးအသင်းနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ဆရာတော်ဘဒ္ဒန္တပုညနန္ဒက မိန့်ကြားသည်။

“ဘာသာနှစ်ခု အပြန်အလှန် မေတ္တာခံယူကြတဲ့ အခမ်းအနားပါ”ဟု ဆရာတော်က ထပ်မံမိန့်ကြားသည်။

လားရှိုးမြို့တွင် အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့ရာမှ အစပြု၍ နှစ်ရက်ကြာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်တွင် အစ္စလာမ် ဘာသာဝင် အများစု ပါဝင်သည့် ဒုက္ခသည် အိမ်ထောင်စု ၂၇၅၊ လူဦးရေ ၁၄၀၆ ဦးကို မန်ဆူရှမ်းကျောင်းတိုက် ဆရာတော်က စောင့်ရှောက်ခဲ့သည်။

ညနေမျိုးနွယ် - The Voice Weekly